(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးဒုတိယနေ့ ကျင်းပဖေဖော်ဝါရီ ၁၇၊ ၁၈ ရက်နေ့များတွင် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးခေါ်ယူရန် သဘောတူညီမှုရရှိ

ရန်ကုန် ဖေဖော်ဝါရီ ၃

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ (NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

JICMအစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ရက်တာ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးအပြီးတွင် သဘောတူညီချက် သုံးချက်နှင့် မှတ်တမ်း နှစ်ချက်တို့ကို ရလဒ်ကောင်းများအဖြစ်ရရှိခဲ့ကြောင်း ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ဒီနှစ်ရက်တာ အစည်းအဝေးမှာ သဘောတူညီချက်သုံးချက်နဲ့ မှတ်တမ်းနှစ်ချက်တို့ကို ရရှိအောင် စိတ်ရှည်စွာ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြတဲ့ အစိုးရနဲ့ NCA-S EAO နှစ်ဖက်ခေါင်းဆောင် ကိုယ်စားလှယ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ JICM အစည်း အဝေးရဲ့ သဘောတူညီချက် ရှစ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းစဉ်တွေ၊ လုပ်နည်းလုပ်ဟန်တွေ၊ အချိန်ဇယားတွေကို ဒီစည်းအဝေးမှာ ချမှတ်နိုင်ခဲ့ခြင်းဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်ထားရှိတဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို ပြသခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ထားရှိတဲ့ကတိကဝတ်တွေကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

“ထို့အတူ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် သဘောတူညီခဲ့ကြသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ EAO များ ပိုမို ပါဝင်လာရေးကိစ္စကို ဝိုင်းဝန်းနည်းလမ်းရှာနိုင်ခဲ့ပြီး လက်တွေ့ဆောင်ရွက်သွားဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့အစည်းအဝေးတွေ၊ လုပ်ငန်းဆောင်တာအစီအစဉ်တွေကို ဆက်တိုက်ဆောင်ရွက်သွားဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် ရှစ်ချက်အနက် ဆက်လက် ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိနေသေးသည့် အချက်များကို ဖေဖော်ဝါရီ ၁၇၊ ၁၈ ရက်များတွင် ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူ၍ ဆက်လက်ညှိနှိုင်းဆွေးနွေး ရန် သဘောတူညီခဲ့ကြကြောင်း ယနေ့ကျင်းပသည့် အစည်းအဝေးမှ သိရသည်။

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းအဖွဲ့များအနေနဲ့ JICM တုန်းက သဘောတူညီခဲ့တဲ့ အချက် ရှစ်ချက်ကို ဆက်ပြီးအကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီးတော့လည်း ကျွန်တော်တို့နှစ်ဖက် မူဘောင်လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်အစည်းအဝေးမှာ ဒီမူဘောင်တွေပေါ်မှာ ဆွေးနွေးလိုတဲ့ အချက်တွေကို သဘောတူညီမှု ရရှိတဲ့ အပေါ် အသေးစိတ်ဆက်ဆွေးနွေးဖို့လည်း သဘောတူညီနိုင်ခဲ့ပါတယ်။ နောက် တစ်ကြိမ် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကိုလည်း ၁၇၊ ၁၈ ရက် မှာ ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူဖို့ နှစ်ဖက်သဘောတူညီနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အစည်းအဝေးက အန်မတန်မှ ထိရောက်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဧပြီလမကုန်ခင်မှာ ညီလာခံကြီး ကျင်းပနိုင်ဖို့ အတွက်လည်း UPDJC ၊ JMC ၊ နောက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီကျင်းပ နိုင်ဖို့ နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူဆေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦးတို့ တက်ရောက် ကြသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ နှစ်ရက်တာ ကျင်းပခဲ့သည့် JICM အစည်း အဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။