ဘင်္ဂလားဒေ့ရှနိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံ နိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၁၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ဇူလိုင်(၁၁)ရက် ညနေ(၄) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်တွင် ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ သက်တမ်းတိုးမြှင့် နိုင်ခြင်းအတွက် လုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်မှု ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ ပြည်သူများ အတွက် ဒေသလုံခြုံရေးအခြေအနေ ပေးပါက ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး အတွက် ယခုလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်မည့်အစီအစဉ်၊ မိုးရာသီကာလအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့ UNHCR မှ သွားရောက်ဆောင်ရွက်မည့် အစီအစဉ်များအား ခေတ္တဆိုင်းငံ့ထားမှု နှင့် လုပ်ဆောင်နိုင် မည့် အခြားလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ခွင့်ပြုချက်တင်ပြဆောင် ရွက်သွားမည့်အစီအစဉ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် UNHCR မှ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမှု၊ ထိုင်းနိုင်ငံ ရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာချင်သူများ အတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း လုပ်သားများအတွက် နှစ်နိုင်ငံညှိနှိုင်းမှုအရ တရားဝင် လုပ်သားများ ဖြစ်စေရေး ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသား ဟုဆို သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် UNHCR မှ ရေးဆွဲထား သည့် စီမံချက်စာတမ်းအပေါ် လေ့လာ သုံးသပ်အကြံပြုပေးနိုင်ရေးကိစ္စ၊ ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်များတွင် UNHCR မှ နီးကပ်စွာ ပံ့ပိုးကူညီဆောင်ရွက်ပေး မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)