ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာအနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၇

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖုံညိုလိပ် ကျေးရွာတံတားအနီး၌ မသင်္ကာဖွယ် လူတစ်ဦးတွေ့ ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ နေဇော်လင်း (ဘ) ဦးကျော်သန်း ဖြစ်ကြောင်းသိရပြီး ၎င်းကိုင်ဆောင်ထားသော ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုအား AA အဖွဲ့ထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့် စာများကို တွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း။

၎င်းအား ဖုံညိုလိပ်နယ်မြေရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။