ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ-၃ အမြန်ရေယာဉ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ရောက်ရှိ

 ရန်ကုန် မတ် ၈

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ ရေယာဉ်သုံးစင်းအနက် နောက်ဆုံး အစင်း ဖြစ်သည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ရောက်ရှိသည်။

ကျောက်ချစခန်း၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ကစ္ဆပနဒီ-၃ အမြန်ရေယာဉ် တင်ဆောင်လာသည့် MV.ISUZU သင်္ဘောကြီးပေါ် သို့ တက်ရောက်ပြီး ရေယာဉ် ရေပေါ်သို့ ရေမချမီ ကြိုတင် စစ်ဆေးမှုများ ပြုလုပ်ကြသည်။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY ၂၀၁၆ အစီအစဉ်အရ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်ယန်း သန်း ၁၀၀၀ တန်ဖိုးရှိ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ-၃ ရေယာဉ်သစ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ Sumidagawa Shipyard တွင် အသစ်တည်ဆောက်ခဲ့ရာ ဇန်နဝါရီလတွင် လုပ်ငန်းပြီးစီး၍ ရေယာဉ်သစ်ကို ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ ပို့ဆောင်ရန် ဂျပန်နိုင်ငံ Yoko-hama ဆိပ်ကမ်းမှ ရေယာဉ်တင်သင်္ဘောကြီးဖြင့် တင်ဆောင် လာရာ ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ယနေ့နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိခဲ့ခြင်းဖြစ် သည်။

အဆိုပါ ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ခရီးသည် ၁၅၀ တင်ဆောင်နိုင်ပြီး တစ်နာရီ ရေမိုင် ၂၀ အထိ ခုတ်မောင်းသွားလာနိုင်သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ဂျပန်နိုင်ငံအစိုးရ၏ ကူညီမှုဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ရေလမ်းခရီး၌ အသုံးပြုရန် ခရီးသည်တင်အမြန်ရေယာဉ် နှစ်စင်းနှင့် ယခု ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ကစ္ဆပနဒီ-၃ ရေယာဉ် စုစုပေါင်း ရေယာဉ် သုံးစင်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်းစဉ်