မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကျန်းမာရေး အသိပညာပေး ဟောပြော

မြောက်ဦး မေ ၁၄

မြောက်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း ယာယီခိုလှုံရာ ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများထံသို့ သွားရောက်ပြီး ငှက်ဖျားသွေးဖောက်ကာ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မသောင်းစိန်၊ ဒေါ်လှအေးနုနှင့် ဒေါ်နန်းရွှေခိုင် (ကြီးကြပ်-၂) တို့ဦးဆောင်ကာ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများကို သွေးလွန်တုတ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးခဲ့ပြီး ငှက်ဖျားသွေးဖောက် စစ်ဆေးပေးခြင်းနှင့် လူနာ ၁၆ ဦးအားလည်း ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်