မြောက်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့ရေကြီးနစ်မြုပ်

မြောက်ဦး ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့ မြစ်ရေသည် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ မြင့်တက်လျက်ရှိရာ မြို့ပေါ်နှင့်ကျေးရွာမြေနိမ့်ပိုင်း ဒေသများမှ ရေနစ်မြုပ်လျက် ရှိသော နေအိမ်များမှ ပြည်သူများကို ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရမ်းချောင်းတောင်ကျရေ စီးဆင်းလျက်ရှိရာ ချောင်းတစ်လျှောက် ရှိ ကျေးရွာများဖြစ်သော ကျီရာပြင်၊ ပေါက်ပင်ကွင်း၊ အိုးထိမ်းရွာနှင့် ပြိုင်းချကျေးရွာများ ရေနစ်မြုပ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများမှာ ကျေးရွာရှိနီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာရှိခိုင်ခံသော နေအိမ်များတွင် ခိုလုံလျက် ရှိကြောင်း သိရသည်။

ထို့နောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး ပန်းဈေးမြောင်း ချောင်းမှတစ်ဆင့် မြောက်ဦးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ဆင်ချဆိပ်၊ ကြက်လျှာကျွန်း၊ ကြက်ဈေးရပ်ကွက် တို့ ရေကြီးနှစ်မြှပ်လျက်ရှိပြီး မြေနိမ့်ပိုင်း ကျေးရွာများဖြစ်သော ရွှေထွန်းဖြူ၊ စေတီကုန်း၊ ရှမ်းတောင်၊ ဆီသည်ရွာနှင့် ကိုင်းတော ကျေးရွာများမှာ လည်း ရေကြီးနစ်မြုပ် လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်