မောင်တောမြို့၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 မောင်တော မေ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ UNICEF နှင့် CFSI အဖွဲ့အစည်းတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၁)နာရီက မိုင်းအန္တရာယ်အသိပညာပေးခြင်းဆိုင်ရာဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှက တက်ရောက် အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ/စာရေးများအနေဖြင့် ယနေ့ သင်ကြားဆွေးနွေးမှုများ ကိုသေချာမှတ်သားကြရန်နှင့်ကျေးရွာနေ ပြည်သူများကို အသိပညာ ဗဟုသုတ များအား ထပ်ဆင့် ရှင်းလင်းပေး ရန်မှာ ကြားခဲ့သည်။

ထိုနောက် UNICEF နှင့် CFSI တို့မှ တာဝန်ရှိသူများက မိုင်းအန္တရာယ် အသိပညာပေးခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အကျိုးသက်ရောက်မှု၊ မိုင်းအန္တရာယ် အသိပညာပေး (ပုံပြင်ကားချပ်များ၊ စာစောင်များ၊ ရေဒီယိုအစီအစဉ်များ နှင့်သရုပ်ပြကွက်) များကို ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြကာ ကလေးများအတွက် မိုင်းပညာပေးဇာတ်လမ်း၊ “မိုင်းအန္တရာယ်သတိပြု”၊ “အန္တရာယ်ကင်းစွာနေထိုင်ပါ” စသည့်လက်ကမ်းစာစောင် များကို ပေးအပ်ခဲ့ကြသည်။

အသိပညာပေးခြင်း ဆွေးနွေးပွဲကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေးဆွေးနွေးပွဲကို ညနေ(၃း၀၀)ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)