မောင်တောမြို့နယ်၌ အစ္စလာမ်ဘာသာဝင် ၆၃ ဦး တင်ဆောင်လာသည့် စက်လှေတစ်စင်းနှင့် လှေလုပ်သားလေးဦးအား ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၉

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ် ကမ်းခြေ၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းက အစ္စလာမ် ဘာသာဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၃ ဦးနှင့် စက်လှေလုပ်သား လေးဦး၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၉၉ တောင့်တို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ် ကမ်းစပ်တွင် စက်လှေတစ်စင်း ဆိုက်ကပ်ထားကြောင်း သတင်းအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ‘‘(တ) အောင်စိုးကျော်’’ အမည်ရှိ စက်လှေအား ဝမ်းဗိုက်အတွင်း ရေများဝင်လျက် ရပ်ထားသည်ကို တွေ့ရှိပြီး ဝန်းကျင်နယ်မြေ ရှင်းလင်းခဲ့ရာ သပြေတောရွာပျက်အနီး၌ ဟာမက်တူဆောင်း (ခ) ကျော်လှပါ အစ္စလာမ်ဘာသာဝင် ၆၃ ဦးနှင့် ဂျင်းတောရွာအနီး ဦးထွန်းမြင့် (စိစစ်ဆဲ) ၏ လယ်တဲ အတွင်း တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ စက်လှေမောင်း ဇော်လတ်ပါ စက်လှေ လုပ်သား လေးဦးကို တွေ့ရှိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသူ စစ်တွေမြို့နယ် ဘုမေကျေးရွာနေ ဟာမက်တူဆောင်း(ခ) ကျော်လှသည် ၂၀၁၂ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားမဝင် သွားရောက်၍ ပန်းရန် လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအား မလေးရှား နိုင်ငံသား လူမှောင်ခို သူဌေးတစ်ဦးက ရင်းဂစ်ငွေ ၃၀၀၀ ပေး၍ စကားပြန်အဖြစ် ဆောင်ရွက်စေပြီး အစ္စလာမ်ဘာသာဝင်များကို တရားမဝင် သယ်ဆောင်ရန် စေလွှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မလေးရှားနိုင်ငံသား လူမှောင်ခိုက ကော့သောင်းမြို့နေ စက်လှေပိုင်ရှင် ချစ်ကိုနှင့် ချိတ်ဆက်ပေး၍ ရေကြောင်းလမ်းဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဟာမက်တူဆောင်း (ခ) ကျော်လှသည် ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်တွင် ကော့သောင်းမြို့ သူဌေးကျွန်းမှတစ်ဆင့် စက်လှေ မောင်းသူ ဇော်လတ်တို့ လေးဦးနှင့်အတူ စက်လှေဖြင့် ထွက်ခွာခဲ့ရာ ဇူလိုင် ၄ ရက်တွင် စိန့်မာတင်ကျွန်း (ခ) အုန်းကျွန်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ရေပြင်သို့ရောက်ရှိ ကျောက်ချရပ်နား ခဲ့ကြောင်း၊ ၎င်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့နေ လူဘီ (စိစစ်ဆဲ)နှင့် ရော်ဖီ(စိစစ်ဆဲ) တို့ထံ ဖုန်းဖြင့်ချိတ်ဆက် ဆက်သွယ်ခဲ့ပြီး သုံးရက်ခန့်အကြာ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်၊ ဘာလူခါလီ၊ မူဆိုနီနှင့် ထန်ခါလီ ဒုက္ခသည်စခန်းအသီးသီးတို့မှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၀ စုစုပေါင်း ၃၄ ဦးမှာ လှေနှစ်စင်းဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ဆက်လက် ၍ ၎င်း၏မိခင်ဖြစ်သူ စစ်တွေမြို့ ဘုမေကျေးရွာနေ အဏ္ဏဝါဘေဂွန် (ခ)အန်နုဝါဖာဂွန်ထံ ဖုန်းဖြင့် ဆက်သွယ်၍ စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊ ဘောမူဂေါ်၊ ဓားပိန် ဒုက္ခသည်စခန်းများမှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း၂၇ ဦးအား အဏ္ဏဝါဘေဂွန် (ခ)အန်နုဝါဖာဂွန်က ဦးဆောင်၍ လှေတစ်စင်းဖြင့် ခေါ်ဆောင်ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် အမျိုးသား၂၈ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၂ ဦးအား တစ်ဦးလျှင် ငွေကျပ်ကျပ် ၁၇ သိန်းဖြင့် အခကြေးငွေ ညှိနှိုင်းပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် စက်လှေဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း။

သောင်တင်နေခြင်း ဖြစ်

ဇူလိုင် ၇ ရက် နံနက် ၂ နာရီခန့်တွင် ပင်လယ်ပြင်အတွင်း ၎င်းတို့ စက်လှေ ဆီကုန်ရပ်တန့် သွားကြောင်း၊ ရာသီဥတု ဆိုးရွားမှု အခြေအနေ အရ လှိုင်းကြီး၍ စက်လှေအတွင်းသို့ ရေများ ဝင်ရောက်ပြီး ရေလှိုင်းနှင့် အတူ မျောပါကာ မြင်းလွတ် ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် သောင်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်လှေသားလေးဦးကို စစ်ဆေးချက်အရ လွန်ခဲ့သော နှစ်ပတ်ခန့်က ကော့သောင်းမြို့နယ် သူဌေးကျွန်း နေ စက်လှေပိုင်ရှင် ချစ်ကိုက စက်လှေမောင်းပေးရန် ဇော်လတ်၊ စက်ဆရာရွှေလက် (ခ)ကရင်၊ စက်လှေလုပ်သား ကျော်ဇင်သန့် နှင့် ကျော်စိုးထွန်းတို့ လေးဦးအား တစ်ဦးလျှင် ဘတ်ငွေ ၅၀၀၀ ပေး၍ ငှားရမ်းကာ သူဌေးကျွန်းတွင် ဆိုက်ကပ်ထားသည့် ‘‘(တ) အောင်စိုးကျော်’’ စက်လှေသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဟာမက်တူဆောင်း (ခ) ကျော်လှ၏ စေခိုင်းချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မောင်းနှင်လာခဲ့ ရကြောင်း၊ ပင်လယ်အတွင်း စက်လှေဖြင့် သွားရောက်စဉ် အကာအကွယ်ပြုနိုင်ရန် သေနတ်တစ်လက်နှင့် ကျည် ၉၉ တောင့်အား စက်လှေမောင်း ဇော်လတ်ထံ ပေးအပ်ခဲ့သည်ဟု စိစစ်သိရှိရပြီး သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အရေးယူရန် စီစဉ်လျက်ရှိ

သို့ဖြစ်၍ ဇော်လတ်ပါ စက်လှေလုပ်သားလေးဦး၊ ဟာမက် တူဆောင်း(ခ)ကျော်လှနှင့် ၎င်း၏ မိခင် အဏ္ဏဝါဘေဂွန်(ခ) အန်နုဝါဖာဂွန်တို့ ပေါင်းခြောက်ဦးကို အလယ်သံကျော်နယ် မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၃၇၁/၁၁၄ တို့အရ (ကျွန်ပြုရန် လူခိုးမှု/ ကျွန်ရောင်းဝယ်မှု/ အားပေးကူညီမှု) အရ လည်းကောင်း၊ ထို့ပြင် စက်လှေလုပ်သားလေးဦးနှင့် ဟာမက်တူဆောင်း (ခ)ကျော်လှပါ ငါးဦးအား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ လည်းကောင်း အမှုဖွင့် အရေးယူခဲ့ကြောင်း၊ စက်လှေပိုင်ရှင် ချစ်ကိုအား ဖမ်းဆီးရမိရေး ကွင်းဆက်စုံစမ်း ဖော်ထုတ်ရာ ချစ်ကိုအား ရနောင်းမြို့၌ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသဖြင့် ဥပဒေအရ အရေးယူရန် စီစဉ်လျက်ရှိသည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ သတင်းဖလှယ်လာခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူမှောင်ခိုပွဲစား ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးရမိရေး နှစ်နိုင်ငံဆက်လက် သတင်းဖလှယ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်