မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတည်ဆောက်ရေး လုပ်ငန်းအား AA သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်တိုက်ခိုက်

နေပြည်တော် မတ် ၁၀

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနယ်စပ်မှတ်တိုင် အမှတ်ဘီပီ-၆၇ နှင့် ဘီပီ- ၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား မတ် ၉ ရက် မွန်းလွဲ ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၂၀၀ ခန့်က နေရာများဖြန့်ခွဲ ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တစ်ဆင့် နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှောင့်ယှက်တိုက်ခိုက်လာခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား များကို လက်ရှိလုပ်ငန်းခွင်မှ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း များကို၂၀၁၀ ပြည့်နှစ်မှစတင်၍အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ နယ်စပ်ခြံစည်းရိုး မှတ်တိုင် အမှတ် ၆၇ အထိ ၁၂၉ ဒသမ ၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီး ဖြစ်သည်။

ထိုသို့မြန်မာနိုင်ငံ၏ အနောက် ဘက်တံခါး လုံခြုံရေးနှင့် ဒေသခံ တိုင်းရင်းသားများ လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား AA သောင်းကျန်းသူအဖွဲ့များက ယခုကဲ့သို့ နှောင့်ယှက်တိုက်ခိုက် ခြင်းများ ဆောင်ရွက်လာခြင်းသည် နိုင်ငံတော်၏ နယ်မြေပိုင်နက်လုံခြုံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့အား နှောင့်ယှက်ဖျက် ဆီးခြင်းဖြစ် သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးအား ထိရောက်စွာဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်