မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက် ထုတ်ပြန်

နေပြည်တော် ဒီဇင်ဘာ ၆

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် လူမျိုးပြုန်းတီးစေမှု(Genocide) သည် ကုလသမဂ္ဂ၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှ သွေဖည်ကြောင်း ယုံကြည်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ က အတည်ပြုပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အတည်ပြုချုပ်ဆိုရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးက ပါလီမန်သို့တင်သွင်းစဉ် လူမျိုးပြုန်းတီးစေမှုတားဆီးရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းတင်ပြပြီး ပါလီမန်၏ အတည်ပြုချက်ကို ရယူခဲ့ပါကြောင်း၊ လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံ အနေဖြင့် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့စဉ်က ရပ်တည်ချက်အတိုင်း လိုက်နာ ဆောင်ရွက်လျက်ရှိသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတရုံးက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဥပဒေကြောင်းအရ အကြံပြုနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သိရှိရပါကြောင်း။

ကုလသမဂ္ဂ၌ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် ၅၈ နိုင်ငံ မြောက် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ တရားရေးဆိုင်ရာ ပင်မအဖွဲ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သွားရောက်ကာ နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူ့အစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်းအလျှင်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာကသိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု သိရှိရပါကြောင်း။

ယင်းကဲ့သို့ ကုလသမဂ္ဂအဖွဲ့ဝင်ကောင်းပီသစွာ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လှိုက်လှဲစွာထောက်ခံပါ ကြောင်းနှင့် အောင်မြင်ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း ဖော်ပြထားသည်။