နေရပ်စွန့်ခွာသူ ၃၄၅၀ အား သြဂုတ်၂၂ရက်တွင် မြန်မာဘက်မှ ပြန်လည်လက်ခံမည့် ကိစ္စနှင့်ပတ်သတ်၍ UNHCR နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး

နေရပ်စွန့်ခွာသူ ၃၄၅၀ အား သြဂုတ်၂၂ရက်တွင် မြန်မာဘက်မှ ပြန်လည်လက်ခံမည့် ကိစ္စနှင့်ပတ်သတ်၍ UNHCR နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး

နေပြည်တော် သြဂုတ် ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေ ကိုယ်စားလှယ် Ms.Cecile Fradot အား ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ညှိနှိုင်းချက်အရ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူ ၃၄၅၀အား သြဂုတ်၂၂ရက်တွင် မြန်မာဘက်မှ ပြန်လည်လက်ခံမည့်ကိစ္စနှင့်ပတ်သတ်၍ အဆိုပါပြန်လာမည့်သူများအား ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် UNHCRမှ သွားရောက်လိုသည့် ကိစ္စအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားနှင့် UNHCR နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးပြောကြားသည်။

ယင်းသို့ပြောကြားရာတွင် ညွှန်ကြားရေးမှူးချုပ်က နေရပ်စွန့်ခွာသူ ၃၄၅၀အား ပြန်လည်လက်ခံမည့်ကိစ္စကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်ဖက်သဘောတူညီချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UNHCRနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနှင့် ကုလသမဂ္ဂအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MoU) ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UNHCR အနေဖြင့် ပြန်လာမည့်သူများအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်ရှိပါက  အဆိုပြုနိုင်ကြောင်း၊ မြန်မာဘက်မှလည်း အကူအညီတောင်းခံရန် လိုအပ်သည့်အခါ MoUပါအတိုင်း မေတ္တာရပ်ခံသွားမည်ဖြစ်ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့် နေရာများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ နှစ်ဖက်သဘောတူညီချက်အတိုင်း အသိပေးပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ သိရှိလိုသည့် သတင်းအချက်အလက် များလိုအပ်၍ ထပ်မံတောင်းခံလာပါက အပြုသဘောပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးဆောင်ပြီး အာဆီယံမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များ လိုက်ပါသည့် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ရှိ နေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာများသို့ သွားရောက်၍ ပြန်လည်လက်ခံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း ၊ယင်းမတိုင်မီကလည်း မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့များ သွားရောက်ပြီး အလားတူ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးထားသည့် MoU ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး UNHCR အနေဖြင့် နေရပ်စွန့်ခွာသူများအား ခေတ္တထားရှိမည့် လှဖိုးခေါင်ကြားစခန်းနှင့် ၄င်းတို့အား ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားသည်။

နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရာတွင် မြန်မာအစိုးရအား ပေးအပ်လိုသည့် ကူညီပံ့ပိုးမှုများကို အစိုးရနှင့်တိုင်ပင်ပြီး ပြုလုပ်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့သည် ၂၀၁၈ခုနှစ် ဇွန်၆ရက်တွင် MoUကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၉ခုနှစ် မေ၂၈ရက်တွင် အဆိုပါ MoUအား တစ်နှစ်သက်တမ်းတိုးသည့် သဘောတူညီချက်ကို နှစ်ဖက်လဲလှယ်ခဲ့သည်။

၄င်း MoUပါပြဋ္ဌာန်းချက်များအရ မြန်မာအစိုးရသည်  UNDP နှင့် UNHCRတို့အား ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၈၀ကျော်ကို ၂၀၁၉ခုနှစ် ဇူလိုင် ၁၃ရက်အထိ လွတ်လပ်စွာကွင်းဆင်းလေ့လာမှုများ ပြုလုပ်စေခဲ့ပြီး၊ ကျေးရွာတွင်နေထိုင်သူများနှင့် ပြန်လည်ဝင်ရောက်မည့်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်ရေး (Quick Impact Project-QIP) စီမံကိန်း(၃၄)ခုကို ၂၀၁၉ခုနှစ် စက်တင်ဘာ၅ရက်အထိ ခွင့်ပြုပေးထားပြီးဖြစ်သည်။ နယ်မြေလုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျန်သည့်ကျေးရွာများတွင် လေ့လာဆန်းစစ်မှုများနှင့် QIPများ ဆက်လက်ဆောင်ရွက်ခွင့်ပေးသွားရန်ရှိကြောင်း သိရှိရသည်။