ငဖဲမြို့ နယ်နှင့် မောင်တောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၃

ငဖဲမြို့နယ် ပဒါန်းပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော်နှင့် မောင်တောမြို့နယ် ဝေသာလီကျေးရွာမောင်တော-အငူမော်သွား ကားလမ်းဘေး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား၈၇ ဒသမ ၇၅ သိန်းတို့ကို ယမန်နေ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်မတ် ၂ ရက်ညပိုင်းက ငဖဲမြို့နယ် ပျဉ်း၀ကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိန်းကျော် မောင်းနှင်ပြီးကျော်မင်းဦး(ခ) ကိုကျော်ကြီးနှင့် အောင်စိန်တို့ လိုက်ပါလာသည့် ဒိုင်နာအမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော်၊ ငွေကျပ်၉၁၈၉၀၀၀ နှင့် လက်ကိုင်ဖုန်း ငါးလုံးကိုဖမ်းဆီးရမိသည်။

ထို့အတူ ယင်းနေ့ညနေပိုင်းတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မောင်တော မြို့နယ် ဝေသာ လီကျေးရွာ မောင်တော-အငူမော်သွားကားလမ်းဘေး၌ ရပ်ထားသည့်ဟီးနိုး အမျိုးအစား မော်တော်ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့်မြင့်စိုးအားစစ်ဆေးရန် ရပ်တန့်စဉ် ၎င်းမှာထွက်ပြေးသွားသဖြင့်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ ဒသမ ၇၅ သိန်းကို သိမ်းဆည်းရမိ ခဲ့ပြီးပူးပေါင်းအဖွဲ့ ဖြင့်ရှာဖွေခဲ့ရာ မြင့်စိုးအားမောင်တောမြို့ ၌ ဖမ်းဆီးရမိသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား