နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ Evidence Collection and Verification Team (ECVT) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ICOE အဖွဲ့ဝင် Mr. Kenzo Oshima ထံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. A. K. Abdul Momen ထံသို့ လိပ်မူပေးပို့သည့် စာမူရင်းအား ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အောက်တိုဘာ (၃၀) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော အချက်များသည် နှစ်နိုင်ငံ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေးကိုလည်းကောင်း မည်သို့မျှ အထောက်အကူမပြုကြောင်း သံအမတ်ကြီးအား ပြောကြားခဲ့သည်။