ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တို့တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် နှောင့်ယှက်ပစ်ခတ်ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တို့တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် နှောင့်ယှက်ပစ်ခတ်ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်

နေပြည်တော် သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့အား ယနေ့နံနက် ၅နာရီခွဲခန့်တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၏ လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ်ဆေးဝါး ရှာဖွေရေးကိရိယာ တစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေးကိရိယာ တစ်ခု ၊ လက်ကိုင်စကားပြောစက် ၄ လုံး တို့ ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ် ၃စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကြမ်းခင်းများ ပျက်စီးသွားခဲ့ပြီး ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။      

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁စီး ပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA ၊ TNLA ၊ MNDAA အဖွဲ့ဝင် ၂ ဦးက အာရ်ပီဂျီဖြင့် လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက တစ်ချိန်တည်း တပြိုင်တည်း နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရ ကြောင်း ။

ဖြစ်စဉ်ဖြစ်လျှင်ဖြစ်ချင်း တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများ သွားရောက်ပူးပေါင်းခဲ့ပြီး ဆက်လက် နယ်မြေရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစား ဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက အသင့်ပြုလုပ်ထားသည့် နေရာများနှင့် ဘက်ထရီအိုးတစ်လုံးတို့ကို တွေ့ရှိရကြောင်း။

နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်း နေရာများတွင် တပ်မတော်စစ်ကြောင်း များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း။

ဒဏ်ရာရရှိသူများအနက် အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့အား ပြင်ဦးလွင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါးစုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်က သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှု မရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AAအဖွဲ့ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA ၊ TNLA ၊ MNDAA အဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။