ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာအတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး တော်ရှေ့မှောက် လျှောက်လဲခဲ့ချိန်မှာ ကျွန်မအနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရတာကို ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ တရားရုံး တော်မှာ ကျွန်မတို့ နိုင်ငံတော်ကို ကိုယ်စားပြု ပြီး တက်ရောက်ခဲ့ရခြင်းဟာ ကျွန်မနဲ့ ကျွန်မတို့ ကိုယ်စားလှယ်အဖွဲ့အတွက် အမှန်တကယ်ပဲ ဂုဏ်ယူစရာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်လေးနက်တဲ့ တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကနေ ကျွန်မတို့ မြန်မာနိုင်ငံအပေါ် အလွန်ဆိုးရွားတဲ့ လူမျိုး ပြုန်းတီးမှုနဲ့ တရားစွဲဆိုထားခြင်း ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကျွန်မတို့ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ မျှော်လင့်ချက် တွေနဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်သာမက နိုင်ငံတကာ အသိုက်အဝန်း ရဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျေပွန်ရမယ့် တာဝန်ဝတ္တရားတွေကို စိတ်တွင်အစဉ် စွဲမြဲလျက် ကျွန်မတို့ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ တာဝန်တွေကို ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်။

ကျွန်မတို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံအတွင်းမှာရှိကြတဲ့ အသိုက်အဝန်းတွေ အားလုံးကြားမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတရှိရေးကို မျက်ခြည် ပြတ်မခံဘဲ ရိုးသားဖြောင့်မတ်ခြင်း၊ တရား ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်းတို့ အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ချေပခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဥပဒေအဖွဲ့အနေနဲ့လည်း ကျွန်မတို့ အလေးထားစဉ်းစားရတဲ့ ကိစ္စရပ်များနဲ့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကောင်းစွာ နားလည်ထားကြပါတယ်။ ကျွန်မတို့ ဥပဒေပညာရှင်တွေရဲ့ ထူးချွန် ပြောင်မြောက်လှတဲ့ ဥပဒေပညာဆိုင်ရာ ကျွမ်းကျင်မှု၊ တရားမျှတမှုအပေါ် သက်ဝင်ယုံကြည်မှုနဲ့ ကျွန်မတို့အမှု ကိစ္စအပေါ် စေတနာထားဆောင်ရွက်ခဲ့မှုတွေ အတွက်လည်း ကျေးဇူးဥပကာရ အထူးပင် တင်ရှိကြောင်းကို အခုလို အခွင့်အခါ ကြုံကြိုက် တဲ့အခါမှာ အလေးအနက် ပြောကြားလိုပါ တယ်။ ကျွန်မတို့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ရှေ့နေတွေနဲ့ ဥပဒေအကြံပေးတွေကတော့ အင်္ဂလန်နဲ့ ဝေလပြည်နယ်ဆိုင်ရာ ရှေ့နေများ အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ခရစ်တို ဖာစတိတ်ကာ၊ လိုက်ဒန်တက္ကသိုလ်၊ နိုင်ငံ တကာ ပြစ်မှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေး ဌာနပါမောက္ခ၊ မစ်ဒယ်ဆက်စ်တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဌာနရဲ့ ပါမောက္ခ လည်းဖြစ်တဲ့ မစ္စတာဝီလျံရှေးဘတ်စ်နဲ့ လန်ဒန်မှာရှိတဲ့ Queen Mary တက္ကသိုလ်ရဲ့ နိုင်ငံတကာပြည်သူ့ရေးရာ ဥပဒေဌာနက ပါမောက္ခလည်းဖြစ်ပြီး ကင်ညာနိုင်ငံ၊ တရား လွှတ်တော်ရှေ့နေနဲ့ အနုညာတခုံရုံး အဖွဲ့ဝင် လည်းဖြစ်တဲ့ မစ္စဖိုဘီအိုကာဝါတို့ပဲ ဖြစ်ကြပါ တယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ခက်ခဲတဲ့အချိန် ကာလတွေကို ဖြတ်သန်းရလေ့ရှိပြီး ဒီနိယာမကို ကျွန်မတို့မြန်မာနိုင်ငံအနေနဲ့လည်း ရှောင် လွှဲလို့မရနိုင်ပါဘူး။ အဲ့ဒီလို ကျော်လွှားရတဲ့ အခက်အခဲတွေကပဲ ကျွန်မတို့ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အားသစ်အင်သစ် ဖြည့်ခြင်းနဲ့ အမှားပြင်အမှန်ကိုဆောင်ရွက်ခြင်းတွေကို ပြုလုပ်နိုင်တဲ့ အခွင့်အလမ်းတွေကို ရရှိစေပါတယ်။ ပိုမိုကောင်းမွန်စေဖို့၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကျွန်မတို့ တွေ့ကြုံရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို ရိုးသားဖြောင့်မတ်စွာ၊ အပြုသဘောဆောင်စွာ ရင်ဆိုင်ကျော်လွှားသွားနိုင်ဖို့အတွက် ရဲစွမ်းသတ္တိနှင့် ဆင်ခြင်တုံတရားတို့ လိုအပ်ပါတယ်။ ဒီကနေ့ တရားရုံးတော်မှာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်တော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့်တင်မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာကာလအတွင်း ရခိုင်ပြည်နယ်မှာရှိနေခဲ့တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအားနည်းချက်တွေကို လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခဲ့ကြတာကြောင့်လည်း ဖြစ်ပါ တယ်။ အတိတ်ကို ပြန်လည်ပြောင်းလဲလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ သာယာလှပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံးအသုံးချရမှာပါ။
ပြည်သူလူထုရဲ့ ထက်သန်တဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် တိုင်းပြည်ရဲ့ ဘယ်လိုအမျိုးသားရေး လုပ်ငန်းကိုမှ အောင်မြင်အောင်ဆောင်ရွက် နိုင်မှာ မဟုတ်ဘူးလို့လည်း ကျွန်မအနေနဲ့ မကြာခဏဆိုသလို ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အမှန်တကယ် ထိရောက်အကျိုးရှိစေဖို့ဆိုရင် တွေ့ကြုံရင်ဆိုင်နေရတဲ့ ပြဿနာ တွေကို ကျေကျေလည်လည် သိရှိနားလည်မှုပေါ်မှာပဲ အခြေခံရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ရုံးတော်ကို တင်ပြခဲ့ချိန်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးနဲ့ သည်ဟိတ်ဂ်မြို့သာမက ကမ္ဘာအနှံ့အပြားမှာရှိနေကြတဲ့ ကျွန်မတို့ပြည်သူတွေရဲ့ ရက်ရက်ရောရော၊ စောဒကမတက်စတမ်း၊ တစ်ခဲနက်အားပေးထောက်ခံမှုတွေဟာ ကျွန်မတို့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် နိုင်ငံတကာတရားရုံး တော်မှာ လျှောက်လဲစဉ် တကယ်ကိုပဲ ခွန်အားတွေ ဖြစ်စေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရုံးတော်အတွင်းမှာ အမှုဆိုင်ရာ လျှောက်လဲမှုဖြစ်စဉ်တွေ၊ ဥပဒေကြောင်းနဲ့နိုင်ငံရေးရာ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို နားလည် သဘောပေါက် သိရှိလိုသူတွေ အများအပြားရှိနေကြ ဦးမှာပါ။ ဒီအချက်အလက်တွေကိုလည်း တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ ဝေမျှရှင်းလင်းပြပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နှလုံးသားနဲ့သာမက၊ ဦးနှောက်နဲ့ပါ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း သိမြင်နားလည်မှုကြောင့် ပြည်သူတွေဟာ ကျွန်မတို့နဲ့ တစ်သွေးတည်း တစ်သားတည်း ရှိနေမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီးခွန်အားတွေ ဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ တရားရုံးတော်အတွင်းက လျှောက်လဲမှု ဖြစ်စဉ်အပြည့်အစုံကို အများပြည်သူ ိရှိနိုင်စေဖို့အတွက် မြန်မာဘာသာ ပြန်ဆိုမှုတွေ ဆောင်ရွက်နေပါပြီ။ ဒါ့အပြင် ကျွန်မတို့နဲ့အတူ သည်ဟိတ်ဂ်မြို့ကို သွားရောက်ခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေအနေနဲ့လည်း တရားရုံး လျှောက်လဲမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာ၊ နိုင်ငံရေးရာနဲ့ သံတမန်ရေးရာ ရှုထောင့်အမြင်တွေကို ဆွေးနွေးတင်ပြနိုင်မယ့် စကားဝိုင်းတစ်ရပ်ကို မနက်ဖြန်မှာ ထုတ်လွှင့်သွားဖို့ လည်း ရှိပါတယ်။ ဒီလိုမျိုး စကားဝိုင်းဆွေးနွေးပွဲတွေကို ပြည်သူအများက စိတ်ဝင်တစားစောင့်ကြည့်ပြီး ဒီအမှုကိစ္စကနေ မြန်မာနိုင်ငံအပေါ် ကျရောက် လာနိုင်ဖွယ်ရာရှိတဲ့ အကျိုးဆက်တွေကိုသာမက မျက်မှောက်ကာလရဲ့ အပြည်ပြည်ဆိုင်ရာတရားရေးစနစ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာနိုင်ကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။

ကျွန်မအနေနဲ့ အမိမြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တရားရုံးတော်ကို ဒီကနေ့ ရခိုင်ပြည်နယ်ရဲ့ ပကတိမြေပြင်အခြေအနေဆိုင်ရာ အချက်အလက် တွေကိုသာမက ဒီဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေရဲ့ အရင်းခံရေသောက်မြစ်ရဲ့ သမိုင်းကြောင်းနောက်ခံ၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေးဆိုင်ရာ အချက် အလက်တွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီလိုတင်ပြနိုင်ဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်၊ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေအနေနဲ့ ဒီအချက်အလက်တွေကို လျစ်လျူရှုခဲ့ရုံတင်မကပါဘူး၊ ဒီပဋိပက္ခတွေကို အစပြု ဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အတွင်းက ARSA ရဲ့ တိုက်ခိုက်မှုတွေ အကြောင်းကို ပါရုံကလေးလောက်ပဲ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင် ပြည်နယ်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုပြီး ခက်ခဲရှုပ်ထွေးစေတဲ့ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို လုံးဝထည့်သွင်းပြောကြားခဲ့တာမျိုး လည်း မရှိခဲ့ပါဘူး။ ကျွန်မအနေနဲ့ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုး တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး နဲ့စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါ ဘူး။ ဒါပေမယ့်လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်သလို ဒီလို အရေးယူရန်ဆန္ဒနဲ့ အရေးယူနိုင်စွမ်းလည်း ကျွန်မတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်းတရားစီရင်မှုဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်၊ အရပ်ဘက် ဆိုင်ရာ တရားရေးစနစ်တွေကနေ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးသား ဖြစ်ပါ တယ်။ အသိုက်အဝန်းတွေအကြား ကာလရှည်ကြာ တည်ရှိနေခဲ့တဲ့ လူမှုရေး ဆိုင်ရာ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဖွံ့ဖြိုးမှု နိမ့်ကျတာတွေ၊ ဆင်းရဲ နွမ်းပါးမှု အမြစ်တွယ်နေခဲ့တာတွေကြောင့် အလွန်တရာ ကျယ်ပြန့်နက်နဲရှုပ်ထွေး လှတဲ့ စိန်ခေါ်မှုတွေအဖြစ် ကိုဖီအာနန်ကော်မရှင်က သတ်မှတ်ဖော်ပြခဲ့တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ ခိုင်ခိုင်မာမာ ဆောင်ရွက်နေတဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေ ကိုလည်း တရားရုံးတော်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားရုံးတော်ကို လျှောက်ထားခဲ့တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေဟာ ကျွန်မတို့ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ ကျွန်မတို့ဘက်က ရှေ့နေတွေဟာ တရားရုံးတော်အနေနဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေချမှတ်ဖို့ မသင့်ကြောင်းကို ချေပပြီး လျှောက်လဲခဲ့ပါတယ်။ ပါမောက္ခရှေးဘတ်စ်အနေနဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက်ဟာ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ချမှတ်နိုင်ဖို့အတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိ၊ ယုတ္တိမတန်ဘူးဆိုတာကို ပီပီပြင်ပြင် ထောက်ပြခဲ့ပါတယ်။ ဒီနောက်တော့ မစ္စတာ စတိတ်ကာကလည်း ဖြစ်နိုင်ခြေရှိသည်ဟူ၍ တင်ပြလျှောက်လဲမှုများသည် ခိုင်မာခြင်းမရှိကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မစ္စအိုကိုဝါက ရခိုင်ပြည်နယ်မှာ အစားထိုးမရနိုင်အောင် ထိခိုက်နစ်နာသွားနိုင်တဲ့ အခြေအနေ မရှိသလို၊ နောင်မှာလည်း ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်မယ့် အလားအလာ မရှိတဲ့အတွက် တစ်ဖက်က တောင်းဆိုနေတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေကို ချမှတ်ဖို့ မလိုအပ်ဘူးဆိုတာကို ချေပလျှောက်လဲခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံ ဘက်က လျှောက်လဲချက်တွေဟာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (FFM)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စွပ်စွဲချက်တွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လူ့အခွင့်အရေးကောင်စီမှာ ဖွဲ့စည်းစဉ်ကတည်းက ကျွန်မတို့နိုင်ငံကလက်မခံခဲ့ပါဘူး။ ဥပဒေကြောင်းအရ လျှောက်လဲချက်တွေကို အသေးစိတ် မနက်ဖြန် မြန်မာ့ရုပ်မြင်သံကြားမှာ ဆွေးနွေးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ နားထောင်ကြပါ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊

ကျွန်မအနေနဲ့ တရားရုံးတော်မှာနောက်ဆုံးအပိတ်အဖြစ် ပြောကြားခဲ့ရာ မှာတော့ မတူကွဲပြားမှုတွေကြားက ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူ တွေရဲ့ အလားအလာကောင်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်ရာမှာ ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရေး တို့ကို အထောက်အကူဖြစ်နိုင်စေမယ့် ဆုံးဖြတ်ချက်မျိုးကို တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာ အမြော်အမြင်နဲ့ ဆင်ခြင်တုံတရား ပြည့်ဝစွာထားပြီး တရားသူကြီး တွေအနေနဲ့ ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ကျွန်မတို့ရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကတော့ “ရုံးတော်ရဲ့ ဥပဒေပုဒ်မ (၆၀) စာပိုဒ် (၂) အရ လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း တင်သွင်းခဲ့တဲ့ အကြောင်းပြချက်များအရ လည်းကောင်း၊ ရုံးတော်အနေနဲ့ သင့်တော်လျော်ကန်မယ်လို့ယူဆတဲ့ အခြား အချက်အလက်များအပေါ်မှာ အခြေခံ၍လည်းကောင်း၊ ရုံးတော်အား မြန်မာနိုင်ငံအနေနဲ့ မေတ္တာရပ်ခံလို တာကတော့ -
(၁) ဂမ်ဘီယာမှ ရုံးတော်သို့တင်သွင်းထားတဲ့ အမှုကိစ္စအား ရုံးတော် စာရင်းမှ ပယ်ဖျက်ပေးရန်၊
(၂) သို့တည်းမဟုတ် ဂမ်ဘီယာမှတောင်းဆိုသည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များအား ပယ်ချပေးရန်”ဆိုပြီး လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊

အခုလက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ တရားရုံးတော်ရဲ့ စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ပဲ ဖြစ်ပါတယ်။ တရားရုံးတော်က စီရင်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ချမှတ်သွားဖွယ်ရာ ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအမှုကိစ္စကို ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံ တင်ပြခဲ့တာဖြစ်တဲ့အပြင် ကျွန်မတို့ရဲ့ ရှေ့နေတွေ၊ ကျွန်မတို့ရဲ့ ဥပဒေအကြံပေးတွေရဲ့ ချေပလျှောက်လဲ ချက်တွေဟာလည်း ဥပဒေကြောင်းအရ အမြင့်မားဆုံးစံနှုန်းတွေနဲ့အညီ ခိုင်ခိုင်မာမာ တင်ပြခဲ့တာဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ဥပဒေအဖွဲ့၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ပြည်တွင်းက ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

ကျွန်မတို့နိုင်ငံမှာ အခုလိုမျိုးအရေးကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရချိန်အခါမှာ “အရေးကြီးပြီ-သွေးစည်းကြစို့” ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံအနှံ့အပြား ကနေ ထောက်ခံအားပေးခဲ့ကြတဲ့ ကျွန်မတို့ပြည်သူတွေရဲ့ ဝန်းရံမှုတွေဟာလည်း ကျွန်မတို့ အဖွဲ့ဝင်အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့နိုင်ငံအတွက် လိုအပ်တဲ့အချိန်၊ အရေးကြီး တဲ့အချိန်မှာ ကျွန်မတို့ကို ဝန်းရံအားပေးခဲ့ကြတဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ဥရောပတိုက်မှာရှိနေတဲ့ နိုင်ငံအနှံ့အပြားကသာမက သြစတြေးလျ၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့လို အလှမ်းဝေးကွာလှတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာလည်း သည်ဟိတ်ဂ်မြို့အထိ အရောက်လာပြီး ဝန်းရံအားပေးခဲ့ ကြပါတယ်။ ဒီလိုလာရောက်ဝန်းရံကြသူတွေအများဟာ ငွေကြေးကြွယ်ဝ ချမ်းသာသူတွေ မဟုတ်ကြပေမယ့်လည်း ကျွန်မတို့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုအင်အားနဲ့ လာရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက လာရောက်ကြသူ တွေကို သည်ဟိတ်ဂ်မြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာတွေက ပြည်ထောင်စု မိသားစုဝင်များ စိတ်ဓာတ်နဲ့ နေရာထိုင်ခင်း၊ စားသောက်ဖွယ်ရာတွေ၊ နွေးထွေးမှုတွေနဲ့ သူတို့ရဲ့အိမ်တံခါးတွေကို ဖွင့်ပေးလက်ခံ ခဲ့ကြတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒီအထဲက တချို့ဟာ အခြားနိုင်ငံသားအဖြစ် ခံယူထားသူတွေ ဖြစ်ကြပေမယ့်လည်း တန်ဖိုးထားရတဲ့ အားပေးဝန်းရံမှုကတော့ ယုတ်လျော့သွားခဲ့တာမျိုး မရှိခဲ့ပါဘူး။ တကယ်တော့ နိုင်ငံသားဖြစ်မှုဆိုတာဟာ ဥပဒေပြဋ္ဌာန်းချက်တစ်ခုသာဖြစ်ပြီး ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်၊ ကျွန်မတို့ရဲ့ နှလုံးသားတွေ စုစည်းပေါင်းစည်းမှုကသာ ခိုင်မာတဲ့ ညီညွတ်မှုရဲ့အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ရေပက်မဝင်တဲ့ ညီညွတ်မှု၊ စည်းလုံးမှု၊ သွေးစည်းမှုကိုအခြေခံပြီး နိုင်ငံတော်ရဲ့ရှေ့ခရီးမှာ ရင်ဆိုင်ကြုံတွေ့ ဖွယ်ရာရှိတဲ့ စိန်ခေါ်မှုမှန်သမျှကို ကျွန်မတို့ ရင်ဆိုင်ကျော်လွှားသွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ကိုလာပြီးဝန်းရံပေးတဲ့ ပြည်သူ၊ ပြည်သားတွေ ကျွန်မတို့ ပြည်ထောင်စုရဲ့ သားသမီးတွေဟာ အင်မတန်မှ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတာကို စည်းကမ်းရှိရှိနဲ့ ဆက်ဆံတာကို ကျွန်မတွေ့ခဲ့ရတဲ့ အခါကျတော့ အင်မတန်မှ ဂုဏ်ယူပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ဒီလို စိတ်ဓာတ်တွေရှိတယ်။ အဆင့်ရှိတယ် ဆိုတာ ကို ကမ္ဘာကနေပြီးတော့ တွေ့သွားရပါတယ်။ ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ရင်ဆိုင်မယ်။ အားလုံးအတူတကွပဲပေါ့။

ကျေးဇူးတင်ပါတယ်။