ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

 

 

၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC)ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုခဲ့ပါသည်။ ကုလသမဂ္ဂပဋိညာဉ် စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

 

 

၂။ လူမျိုးပြုန်းတီးစေမှု(Genocide)ဆိုသည်မှာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစုတစ်စုကိုဖြစ်စေ၊ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်းဟူ၍ အဓိပ္ပာယ်ရပါသည်။ ဤကိစ္စသည် ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသား လူသားစုတစ်ရပ်လုံးက တားဆီးကာကွယ်ရမည့်ကိစ္စဖြစ်၍ အလေးထား ဆောင်ရွက်ခဲ့ရာ စတင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် (၄၂) နိုင်ငံမြောက် နိုင်ငံဖြစ်ပါသည်။ “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide)”ကို မြန်မာနိုင်ငံက ၃၀-၁၂-၁၉၄၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ၁၄-၃-၁၉၅၆ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြု ပါဝင်ခဲ့ပါသည်။

အဆိုပါ သဘောတူစာချုပ်ကို လက်ခံအတည်ပြုရန် ၂-၉-၁၉၅၅ ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးက ပါလီမန်သို့ တင်ပြခဲ့စဉ်ကလည်း “မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်း ပြောရဲကြောင်း၊ လူတစ်စုနှင့် တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့်တစ်ခု ကိုးကွယ်သည့် လူမျိုး အလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤကိစ္စမျိုးမပေါ် သေးဖူးကြောင်း၊ နောင်ကိုလည်း ပေါ်စရာအကြောင်းမရှိကြောင်း” ရှင်းလင်းတင်ပြခဲ့ပြီး ပါလီမန်၏ အတည်ပြုချက်ကို ရယူခဲ့ပါသည်။ ယနေ့ကာလအထိလည်း မြန်မာနိုင်ငံအနေဖြင့် “လူမျိုး ပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ်”အား လက်ခံ အတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

 

 

၃။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင်ဆောင်ရွက်နေမှုအပေါ် နိုင်ငံ တစ်ဝှမ်းရှိ လူထုလူတန်းစား အသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင် ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ဤကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုး စီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီ သွေးစည်းကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသောအင်အားကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ယခုအမှုကို ရင်ဆိုင်ရာတွင်လည်း နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကို ဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်း မပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိ နားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အပ်ပါသည်။