ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်သတင်းရယူ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်သတင်းရယူကြ သည်။

သတင်းမီဒီယာအဖွဲ့သည် ဘူးသီးတောင်မြို့နယ် သီရိမင်္ဂလာရွာမဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ပြုစုစောင့်ရှောက်ထားမှုစခန်းသို့ ရောက်ရှိလာမှုများနှင့် စပ်လျဉ်း၍ သတင်းရယူကြပြီး ရွာမကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို သတင်းရယူကြသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် လမ်းမဘုန်းကြီး ကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ တိုက်ပွဲရှောင် မိသားစုများ နှင့် တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။ မွန်းလွဲပိုင်းတွင် ရန်အောင်မြေဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ ဘူးသီးတောင်မြို့နယ် လူငယ်များက တိုက်ပွဲရှောင်မိသားစုများအား စိတ်ဓာတ်မြှင့်တင်ရေး ဖျော်ဖြေတင်ဆက်နေမှု နှင့် တိုက်ပွဲရှောင် မိသားစုဝင်များအား တွေ့ဆုံမေးမြန်း သတင်းရယူခြင်းတို့ကို ဆောင်ရွက် ကြသည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့တွင် Myanmar Now၊ Eleven Media Group၊ VOA၊ CNA၊ European Pressphoto Agency (epa)၊ BBC Media Action နှင့် Aljazeera သတင်းဌာနတို့မှ သတင်းမီဒီယာသမားများပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်၍ သွားရောက်သတင်း ရယူမှုအနေဖြင့် (၃၆) ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။