ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံး၊ ရဲတပ်သားတစ်ဦး ပျောက်ဆုံးလျက်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်  

ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံး၊ ရဲတပ်သားတစ်ဦး ပျောက်ဆုံးလျက်ရှိ

နေပြည်တော် မတ် ၁၀

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား AA သောင်းကျန်းသူအဖွဲ့က မတ် ၉ ရက် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးပြီး ရဲတပ်သားတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာရှိ ရဲအုပ် စောသိန်းထွန်း ဦးစီးအခြေပြု၍ နယ်မြေလူထုအတွက်ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးနေသည့် ယိုးတရုတ်ရဲကင်းစခန်းအား မတ် ၉ ရက် ည၁၁ နာရီမိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ AA သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင်ဖွင့်လှစ်ထားသည့်၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန၏မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့်လုပ်ငန်းတာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ယိုးတရုတ်ကျေးရွာဇာတိ ဒေသခံရခိုင်တိုင်းရင်းသားများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Tags