ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ မေ ၁၄
ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ပျိုးရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပညာပေး၍ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများ ရှိပါကလည်း မိမိထံအချိန်နှင့်တပြေးညီ တင်ပြပေးကြရန်ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်သူများမှ မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက်၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အားသာချက်၊ အားနည်းချက်များနှင့် ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ု ပြည်နယ်ဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ မြို့ဦးစီးမှူးများ၊ ပြည်နယ်အဆင့် ဌာနခွဲတာဝန်ခံများ၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီအရာရှိများ၊ စစ်တွေမျိုးသန့်ခြံ(စပါး)၊ ကျောက်တော်မျိုး သန့်ခြံ (ကြံသီးနှံ)မှ ခြံတာဝန်ခံများ တက်ရောက်ကြပြီး အစည်းအဝေးကို မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)