ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်

စစ်တွေ သြဂုတ် ၂၂

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၅၆၅ ဒသမ ၈၂ သိန်းကို ထောက်ပံ့ပေးအပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လက်ခံသည်။

ထောက်ပံ့မှုများကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ စတင်၍ ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအကြိမ်သည် (၆)ကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကာ တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း ၇၆၀၃၉ ဦးစာ ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအတွက် စုစုပေါင်းငွေကျပ် ၁ဒသမ ၄၁၄ ဘီလီယံ ထောက်ပံ့ပေးအပ်ခဲ့သည်။

တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံများအတွက် ယာယီနေရာချထားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသော တိုက်ပွဲရှောင်စခန်းများသည်လည်း ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မကြာမီ နေထိုင်နိုင်တော့မည် ဖြစ်သည်။

တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် ၂၄နာရီ ဝန်ဆောင်မှုရှိသော ဖုန်း-၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇တို့သို့ ဆက်သွယ်အကူအညီ ရယူနိုင်ကြောင်း သိရသည်။