ရသေ့တောင်မြို့နယ် ကာဒီချောင်းအတွင်း စက်လှေဖြင့် လှုပ်ရှားသွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူအဖွဲ့က လက်နက်များဖြင့် ပစ်ခတ်၍ စက်လှေအကြီးဖြင့် ဝင်တိုက်သဖြင့် တပ်ဖွဲ့ဝင် တစ်ဦး ရေထဲမျောပါသွားပြီး လှေနှင့်အတူ လက်နက်ငယ်သုံးလက် နစ်မြုပ်ပါရှိသွားခဲ့

 နေပြည်တော် မတ် ၁၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကာဒီချောင်းအတွင်း စက်လှေဖြင့် လှုပ်ရှားသွားလာနေသည့် ရဲတပ်ဖွဲ့ ဝင်များအား ယနေ့ညနေပိုင်းက စက်လှေအကြီးတစ်စင်းဖြင့် ရောက်ရှိလာသည့် AA သောင်းကျန်းသူ အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စက်လှေအားအရှိန်ဖြင့် ဝင်တိုက်သဖြင့် လှေနစ်မြုပ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေထဲ မျောပါသွားပြီး လက်နက်ငယ် သုံးလက် နစ်မြုပ်ပါရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်ဖိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ စက်လှေဖြင့် လှုပ်ရှား သွားလာစဉ် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် မေယုမြစ်နှင့် ကာဒီချောင်းဆုံရာ အနီးအရောက် မျက်နှာချင်းဆိုင်ဘက်မှ စက်လှေအကြီး တစ်စင်းဖြင့် ရောက်ရှိလာသည့် AA သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေကို ဝင်တိုက်ခဲ့သဖြင့် စက်လှေမှာ ရေထဲနစ်မြုပ် သွားခဲ့ကြောင်း၊ ရဲတပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး ရေနှင့်အတူ မျောပါသွားခဲ့ကြောင်း၊ ရေထဲနစ်မြုပ်သွားသည့် စက်လှေအတွင်း လက်နက်ငယ်သုံးလက်ပါရှိသွားပြီး ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA သောင်းကျန်းသူအဖွဲ့သည် မြစ်ကြောင်းအတိုင်း ဂွဆုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

သတင်းစဉ်