AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်မှ ၁၄ ဦးအား တပ်မတော်က ပြန်လည်ကယ်တင်နိုင်ခဲ့

နေပြည်တော် အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက AA အဖွဲ့ ဖမ်းဆီး ခေါ်ဆောင်သွားသူများအနက်မှ ၁၄ ဦးအား တပ်မတော်က ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာစစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာလာသော ရွှေနဒီအမြန် ရေယာဉ်အား ရေမျက်ကျေးရွာအနီး၌ အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် AA အဖွဲ့က လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ရေယာဉ်အား ကမ်းသို့ကပ်ခိုင်းခဲ့ပြီး ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါသတင်းကြားသိလျှင်သိချင်း AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများအား အမြန်ဆုံးကယ်တင်နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား တပ်မတော်ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် ဖြစ်စဉ်နှင့်အနီးဆုံးနေရာသို့ ပို့ဆောင်ပေးမှုများ အမြန်ဆုံး ဆောင်ရွက်ပေးခဲ့ကြောင်း။

ထိုသို့ ပို့ဆောင်ရေးဆောင်ရွက်စဉ် AA အဖွဲ့က ပို့ဆောင်ရေးရဟတ်ယာဉ်အား စိစစ်ဆဲလက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ်အား ကျည်အချို့ ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူးတစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ ထို့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပို့ဆောင်နိုင်ရေးအတွက် တိုက်ခိုက်ရေးရဟတ်ယာဉ် အထောက်အကူအဖြစ် လိုက်ပါစေသည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ဖြစ်စဉ်နေရာတစ်ဝိုက် ရှာဖွေကယ်တင်ရန်ကိုလည်း ပူးတွဲ တာဝန်ပေးအပ်ခဲ့ကြောင်း။

အဆိုပါပို့ဆောင်ရေးရဟတ်ယာဉ်များ၏ လုံခြုံရေးအထောက်အကူပြုသည့် တိုက်ခိုက်ရေးရဟတ်ယာဉ် ကိုလည်း AA အဖွဲ့က အမျိုးအစား စိစစ်ဆဲလက်နက်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သောကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ အချို့နေရာ၌ ကျည်ဆန်ထိမှန်ခဲ့ရသည့်အတွက် ပစ်ခတ်နှောင့်ယှက်သည့် နေရာတစ်ဝိုက်အား သတိပေးပစ်ခတ်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း။

တပ်မတော်အနေဖြင့် AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူများအား အမြန်ဆုံး ပြန်လည်ရှာဖွေ ကယ်တင်နိုင်ရေးအတွက် ပို့ဆောင်ရေးရဟတ်ယာဉ်များ အသုံးပြု၍ ၎င်းတို့လက်မှ အမြန်ဆုံးကယ်တင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့မှုကြောင့်လည်းကောင်း၊ မြေပြင်မှနှောင့်ယှက်ပစ်ခတ်သည့် AA အဖွဲ့ကို သတိပေး ပစ်ခတ်မှုကြောင့်လည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများအနက် ၁၄ ဦးအား နေရာအသီးသီးမှ ရှာဖွေတွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ တပ်မတော်(လေ)၏ သတိပေးပစ်ခတ်မှုများ၊ ဝေဟင်/မြေပြင်ပူးတွဲ၍ ပိတ်ဆို့ရှာဖွေခြင်းများ လျင်မြန်စွာပြုလုပ်ခြင်းကြောင့် AA အဖွဲ့လက်ထဲမှ ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး တပ်မတော်အနေဖြင့် ကျန်ရှိသည့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။