AA အဖွဲ့က စစ်တွေမြို့အနီး ကျောက်ချရပ်နားထားသော ပင်လယ်သွား တွဲဆွဲရေယာဉ် တစ်စင်းအား ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်

AA အဖွဲ့က စစ်တွေမြို့အနီး ကျောက်ချရပ်နားထားသော ပင်လယ်သွား တွဲဆွဲရေယာဉ် တစ်စင်းအား ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်

နေပြည်တော် ဇွန် ၂၂

ရခိုင်ပြည်နယ် စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်း၀အနီးတွင် ကျောက်ချရပ်နား ထားရှိသော ပင်လယ်သွား တွဲဆွဲရေယာဉ် တစ်စင်းအား ယနေ့နံနက်ပိုင်းတွင် AA အဖွဲ့က ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်းနှင့် ပင်လယ်ကမ်းစပ် တစ်လျှောက်၌ ပြေးဆွဲလျက်ရှိသော ဒေသခံပြည်သူများ၏ ရေယာဉ်များ စက်ချွတ်ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း သဘာ၀ ဘေးအန္တရာယ်များကျရောက်လာပါက ကူညီနိုင်ရန်အတွက် အသင့်စုဖွဲ့ထားရှိသော တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲရေယာဉ်တစ်စင်းကို နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် AAအဖွဲ့က စစ်ရေယာဉ်၏ အနောက်ဘက်ကမ်းစပ်ရှိ လှိုင်းကာသဲအိတ်များ အကာအကွယ်ယူ၍ ရှော့တိုက်ဒုံးသုံးလုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ရေယာဉ်၏ ပဲ့စင်ပိုင်းထိခိုက်ပျက်စီးခဲ့ကာ စစ်သည်နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်ခဲ့သည့် နေရာတစ်ဝိုက်အား ရှင်းလင်း ဆောင်ရွက်ရာ၌ ကျန်ရှိနေသေးသည့် Type ၆၃ မီလီမီတာ အမျိုးအစားဒုံးသီးတစ်လုံး (စိစစ်ဆဲ) နှင့် ရှော့တိုက်ရာတွင် အသုံးပြုသည့် ဘက်ထရီအိုးနှစ်လုံး၊ ဆက်စပ်ဝိုင်ယာကြိုး များအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။