AA အဖွဲ့က သတင်းအမှားများ ထုတ်လွှင့်နေမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးချက်တစ်ရပ်ထုတ်ပြန်

 နေပြည်တော် မတ် ၃၁

 

AA အဖွဲ့က သတင်းအမှားများ ထုတ်လွှင့်နေမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင် သတင်းတစ်ရပ်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ယင်းထုတ်ပြန်ချက်တွင် နယ်မြေခံပြည်သူလူထု၏ လုံခြုံ ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးကို တာဝန်ထမ်းဆောင်နေသည့် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိ၊ ခထီးလှရဲစခန်းများအား AA အဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ၎င်းတိုက်ခိုက်မှု နောက်ပိုင်း၌ နိုင်ငံတော်၏ အုပ်ချုပ် ရေးနှင့် တရားဥပဒေစိုးမိုးရေးယန္တရားကို ပျက်ပြားစေရန်နှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ရဲစခန်းများအား တိုက်ခိုက်ခြင်း၊ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းကြီးပေါ်၌ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက် ခြင်း၊ ရပ်ကွက်၊ ကျေးရွာ ဒေသအဆင့်အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက်နေသည့် ရဲစခန်းမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများထံ ကျည်ဆန်ထည့်ထားသည့် ခြိမ်းခြောက်စာများပေးပို့ခြင်း၊ လက်တွေ့ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း။

 

၎င်းကဲ့သို့ ဥပဒေမဲ့ဆောင်ရွက်ချက်များကြောင့် ၎င်းတို့နှင့် နီးစပ်ရာ ပြည်သူလူထုမှာ ကြောက်ရွံ့ထိတ်လန့်နေရပြီး ၎င်းတို့၏ အတင်းအဓမ္မစေခိုင်းနေမှုများအား လိုက်ပါလုပ်ဆောင်နေရသည်ကို တွေ့ရှိရကြောင်း၊ AA အဖွဲ့အနေဖြင့် ၎င်းအခြေအနေအား အခွင့်ကောင်းရယူ၍ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ရယူကာ တပ်မတော်လုံခြုံရေး စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်/ မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များကို ပြုလုပ်သည့် အပြင် ကျေးရွာ၊ ရပ်ကွက်အနီးထိတွေ့တိုက်ပွဲအပြီး AA အဖွဲ့ ကိုယ်တိုင် ရွာသားများအသွင်ဆောင်၍ လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားများအား ခြောက်လှန့်၍ မဟုတ်မမှန်သတင်းများ ပြောဆိုခိုင်း၍လည်းကောင်း ၊လူမှုကွန်ရက်စာမျက်နှာများနှင့်Website များတွင်တင်ကာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်လုပ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း။

 

ထင်ရှားသော သာဓကအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ် ၂၃ ရက် ည ၇ နာရီခွဲခန့်တွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲကင်းစခန်းမှ စခန်းမှူး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်၌ စာရေးဆရာမ နွယ်သာဂီဆိုသူ အမျိုးသမီးတစ်ဦးက “တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားရန် ရည်ရွယ်၍” မဟုတ်မမှန် လုပ်ကြံ Live ထုတ်လွှင့်ဖော်ပြပြောဆိုခဲ့သဖြင့် လက်တွေ့ မြေပြင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါအမျိုးသမီးမှာ ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်ခြင်းမရှိဘဲ လားရှိုးမြို့တွင်နေထိုင်ကာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေးအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့ပြင် မတ် ၂၉ ရက် တိမ်ညို-အောက်သကန် ကျေးရွာ တိုက်ပွဲဖြစ်စဉ်၌လည်း လူမှုကွန်ရက်စာမျက်နှာနှင့် website များတွင် တပ်မတော်ကလုပ်ကြံတိုက်ပွဲဖန်တီး၍ အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ကျေးရွာနေ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံများ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံဖော်ပြခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်သကန်ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ရှိသူကိုယ်တိုင် ဖြေကြားနေမှုအား မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် သတင်း ထုတ်ပြန်ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း။

 

သို့ဖြစ်၍ AA အဖွဲ့၏ ဒေသခံများအသွင်ယူ လုပ်ကြံဝါဒ ဖြန့်နေခြင်းနှင့် ဒေသခံများအား ခြိမ်းခြောက်၍ မဟုတ်မမှန် လိမ်လည်ပြောဆို ဝါဒဖြန့်နေခြင်းများအား ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ယုံကြည်ခြင်း မပြုကြရန်နှင့် ထိုသို့လုပ်ဆောင်နေမှုများ တွေ့ရှိ/ သတင်းရရှိပါက ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသောအားဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း သတင်းထုတ်ပြန်အပ်ပါကြောင်းဟု ဖော်ပြထားသည်။

 

သတင်းစဉ်