AA/ ARSA ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်းကို အင်အား အလုံးအရင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်၊ မိမိစခန်းကျဆုံးမှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်း နှင့်လက်နက်များ သိမ်းဆည်းရမိ

AA/ ARSA ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်းကို အင်အား အလုံးအရင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်၊ မိမိစခန်းကျဆုံးမှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်း နှင့်လက်နက်များ သိမ်းဆည်းရမိ

 

နေပြည်တော် ဇူလိုင် ၂၆

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး ၊တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်းကို AA/ARSA ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၆ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင်အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မိမိစခန်း ကျဆုံး မှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်(စိစစ်ဆဲ) AA/ARSA ပူးပေါင်းအဖွဲ့က ညောင်ချောင်းနယ်မြေရုံးစခန်း၏ အရှေ့တောင်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ မိမိစခန်းမှ ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲမှူး ဦးစီး လှုပ်ရှားတပ်ခွဲကလည်း အမြန်ဆုံးစစ်ကူပေးဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီတွင် AA/ARSA ပူးပေါင်းအဖွဲ့သည် အနောက်တောင်ဘက်နှင့် အရှေ့ဘက်သို့ အဖွဲ့ ခွဲဆုတ်ခွာသွားခဲ့ကြောင်း။

ဖြစ်စဉ်တွင် မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ နယ်မြေရုံးဝန်းကျင်အား ရှင်းလင်းရာ အားကစားဝတ်စုံဝတ်AAအလောင်း သုံးလောင်း၊ M-၂၂ တစ်လက်၊ M-၇၉ မမဗုံးပစ်လောင်ချာ တစ်လက်၊ကျည်အိမ် ရှစ်ခု၊ ကျည် ၄၀ ၊ ၄၀ မမဗုံးသီး နှစ်လုံး၊ လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်မိုင်းခြောက်လုံးနှင့် ကျောပိုးအိတ် ၁၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ၎င်းကျောပိုးအိတ်များအတွင်းမှ အားကစား ဝတ်စုံ၊ ဆေးထိုးအပ်များ၊ ဆေးဝါးများ၊ ဆေးဝါးကုသသည့်ပစ္စည်းများ၊ မိုးကာအင်္ကျီများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျေးရွာသူ/ကျေးရွာသားများ၏ ပြောကြားချက်အရ AA/ARSA အဖွဲ့သည် လူနာအထမ်းများဖြင့်ဆုတ်ခွာသွားကြောင်းနှင့် မိမိစခန်းကျဆုံးမှုမရှိဘဲ ထိရောက်စွာထိန်းချုပ်ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။