အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကျင်းပ

အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၄

 

အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အထိမ်းအမှတ်နေ့နှင့် (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများညီလာခံကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

 

အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံပြည်သူ့ရေးရာ ကာကွယ်ရေးရုံးမှ Assistant Secretary, Deputy Administrator for Administration Mr. Kristoffer James Purisima တို့က ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က ဒေသတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသည့် မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များနှင့် နိုင်ငံအလိုက် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားကြသည်။

 

အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပေါင်းကူးချိတ်ဆက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၏ အရေးကြီးမှု၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များအား ရခိုင်ပြည်နယ်အတွင်းရှိ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးက ဆွေးနွေးမှုရလဒ်များကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။