AAအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေး

အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းသည့် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုရေးအာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံ့ ဝန်ထမ်းနှင့် ပြည်သူပြည်သားတစ်ဦးဦးကို လက်နက် အားကိုးဖြင့် အကြောင်းမဲ့ဖမ်းဆီးထားခြင်းသည် ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တစ်ခုသာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်ရှိသည့် လွှတ်တော်ပါလီမန်များ တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး၊ ကင်းလွတ်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်း ကာကွယ်ထားပါကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်နေပြီး ပြည်သူများ ရွေးကောက်တာဝန်ပေးထားသည့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို တရားမဲ့ဖမ်းဆီးထားခြင်းမှ ပြန်လည်လွှတ်ပေးရန် အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းသည့် အရေးကြီးအဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မတူပီမဲဆန္ဒနယ်မှ ဦးပါထန်းက ဦးဝှေ့တင်းသည် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ပြည်သူတစ်ရပ်လုံးကို မလေးစားရာ ရောက်သကဲ့သို့ ချင်းပြည်သူတစ်ရပ်လုံးကို မလေးစားရာရောက်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ရပ်များကြောင့်သာ ရှေးယခင်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ချင်းလူမျိုး နှင့် ရခိုင်လူမျိုးများအကြားတွင် အထင်အမြင်လွဲမှားမှု၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ပဋိပက္ခကို မွေးဖွားပေးသကဲ့သို့ ဖြစ်လာမည်ဖြစ်သောကြောင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ရှားပြီး ဦးဝှေ့တင်းနှင့် အပြစ်မဲ့ပြည်သူများကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်ပါကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ဒီမိုကရေစီစနစ်ကို ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းဖြစ်သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့တာဝန်ကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ကို ဟန့်တားခြင်းဖြစ်သည့်အတွက် ရှုတ်ချပါကြောင်း၊ ထို့ကြောင့် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၏အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး(ခေါ်) စိုင်းထွန်းအေးက မိမိတို့လွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေပြုခြင်း၊ ကိုယ်စားပြုခြင်း၊ အစိုးရကို စောင့်ကြည့်ထိန်းညှိခြင်း စသည့် ထိရောက်မှုရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ အလားတူ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များသည်လည်း ပြည်သူလူထု၏ လိုအပ်ချက်များ၊ နစ်နာမှုများ၊ ဖိနှိပ်ခံရမှုများ၊ မလွတ်လပ်မှုများကို ကာကွယ်စောင့်ရှောက်ပေးနေသည့်အပြင် ပြည်သူ၏ လိုအင်ဆန္ဒများကို ဖော်ထုတ်ပေးနေသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အပြစ်မဲ့ပြည်သူ များကို မတရားဖမ်းဆီးနေခြင်းသည် လျော်ကန်သည့် လုပ်ရပ်မဟုတ်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါကြောင်း၊ မိမိတို့၏ အမျိုးသားရည်မှန်းချက်များကို လက်နက်အားကိုး၍ ဖြေရှင်းနေခြင်းသည် ပဋိပက္ခများနှင့် ဆိုးကျိုးသံသရာများသာ ကြီးထွားလာစေသည့် အပြင် ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခရောက်စေသည့်အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြခြင်းသည်သာ အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဖွဲ့ အစည်းအသီးသီး၏ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ဦးစားပေးကြရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ရှောင်ကြဉ်ကြပါရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေး သည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ယခုကဲ့သို့ ဥပဒေနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်ထောင်စုအတွင်း အေးချမ်းစွာ နေထိုင်သွားလာမှုကို နှောင့်ယှက်ဖျက်ဆီး ဖမ်းဆီးသတ်ဖြတ်နေကြသည့်သူများထံမှ ဖမ်းဆီးခံရသူများကို ပြည်ထောင်စုလွှတ်တော်ကြီးက ဘေးမသီရန်မခပြန်ရရန် တောင်းဆိုခြင်းသည် နိုင်ငံရေး ဟန်ပန်သက်သက်သာ ဖြစ်နိုင်ပြီး အကျိုးဖြစ်ထွန်းမှု အလှမ်းဝေးနေမည်ဟု ယူဆပါကြောင်း၊ နိုင်ငံတော်လုံခြုံမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှုတို့ကို စီမံခန့်ခွဲနေသည်မှာ ပြည်ထောင်စုအစိုးရသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာ လုပ်ကိုင်နိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များလည်း ပြည်သူ့ဆန္ဒအဝဝကို အေးချမ်းစွာရယူပြီး လွှတ်တော်တွင် တင်ပြနိုင်စေရေးအတွက် အကြမ်းဖက်မှုကင်းဝေးစေရေး ပြည့်ပြည့်ဝဝ လုံလုံခြုံခြုံစောင့်ရှောက်ပေးရန် အုပ်ချုပ်ရေးအာဏာပိုင် ပြည်ထောင်စုအစိုးရကိုသာ တိုက်တွန်းသင့်ပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြ အောင်၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနှင့် ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် အဆိုရှင်ဒေါက်တာလှမိုးက AA အဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ လက်တွေ့ ဆောင်ရွက်ချက်၊ အနာဂတ်ဦးတည်မျှော်မှန်းချက်များ၊ နိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် မည်သည့်အဖွဲ့အစည်းကိုမျှ ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်စေမည်မဟုတ်သည်ကို သတိပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ၏အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကကအဆိုနှင့်စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃ မဲဖြစ်သဖြင့် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့ကို နိုဝင်ဘာ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။