ဘာကူးမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် အောက်တိုဘာ ၂၇

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၂၆-၁၀-၂၀၁၉ ရက်တွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းတွင် ကမ္ဘာ့နိုင်ငံ များအားလုံးအတွက် သာတူညီမျှမှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှု နှင့်ငြိမ်းချမ်းမှု ရရှိစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကြီး၏ ရည်ရွယ်ချက်များ၊ စံနှုန်းများနှင့် မူဝါဒများကို ထိန်းသိမ်းလိုက်နာကြရန် တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလဖြစ်ပေါ်တိုးတက်မှုများနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ဥက္ကဋ္ဌတာဝန်ကို အဇာဘိုင်ဂျန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်ကာလအတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို စတင်ဆောင်ရွက်ခဲ့သည်။ ထိပ်သီးအစည်းအဝေးသို့ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံပေါင်း ၇၂ နိုင်ငံတို့မှ နိုင်ငံတော်/အစိုးရ အကြီးအကဲများ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀၊ ဧည့်သည်တော်အဖြစ် အထူးဖိတ်ကြားထားသည့်နိုင်ငံ ၂၀ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၁ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “မျက်မှောက်ခေတ် ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို ညီညွတ်စွာနှင့် ပြည့်စုံကောင်းမွန်စွာ တုံ့ပြန်ဖြေရှင်းနိုင်စေရေးအတွက် ဘန်ဒေါင်းမူဝါဒများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း’’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးမှုအစီအစဉ်တွင် မိန့်ခွန်းပါဝင် ပြောကြားခဲ့ရာ၌ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကြီးသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံနှင့် လူသားထုတစ်ခုလုံး၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီးသည် ယနေ့ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရသည့် ကြီးမားသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ပိုမိုထိရောက်ပြီး အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည့် အလားအလာများစွာရှိကြောင်း၊ အဖွဲ့ကြီး၏ အဓိက အောင်မြင်မှုများအနက် တစ်ခုမှာ ကိုလိုနီလက်အောက်ခံနိုင်ငံများ လွတ်မြောက်ရေးလုပ်ငန်းစဉ် (decolonization process)အတွက် အဖွဲ့ကြီး၏ နိုင်ငံရေးနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ တွန်းအားပေးမှုကြောင့် ယနေ့ လွတ်လပ်သည့် နိုင်ငံအများအပြား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘက်မလိုက်အဖွဲ့ကြီးကို စတင်တည်ထောင်သူ များအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီး ပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်စေရေးတို့ကို မျှော်မှန်းခဲ့ကြောင်း၊ ဘန်ဒေါင်းညီလာခံကို ပူးတွဲကျင်းပခဲ့သည့် နိုင်ငံငါးနိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက် ဘက်မလိုက် မူဝါဒကို ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်၍ ဘက်မလိုက်ဘဲ ကြားနေသည့် နိုင်ငံခြားရေးမူဝါဒကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအား စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် အဖွဲ့ကြီး၏အခြေခံမူကြီးများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံတစ်နိုင်ငံအပေါ် အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း သို့မဟုတ် ရန်လိုသည့် လုပ်ရပ်များကို ရှောင်ရှားရေးစသည့် အခြေခံ မူဝါဒများကို စွဲစွဲမြဲမြဲလက်ခံယုံကြည်ကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း၊ ဘက်မလိုက်အဖွဲ့ကြီး တည်ထောင်ခဲ့ပြီးနောက်ပိုင်းတွင် ကမ္ဘာကြီး၏ အခြေအနေသည် ကြီးမားသည့် ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ကြောင်း၊ ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယနေ့ မရေရာသည့် ကမ္ဘာကြီးတွင် ရှုပ်ထွေးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုများတွင် တရားမျှတမှု မရှိခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ ခေါင်းထောင်လာမှု၊ အစွန်းရောက်အကြမ်းဖက်မှုဝါဒ၊ တစ်ဖက်သတ် စီးပွားရေး ကန့်သတ်မှုများ၊ ကမ္ဘာ့သတင်းမီဒီယာများအား ချမ်းသာကြွယ်ဝသူများ၊ အင်အားကြီးမားသူများက လက်ဝါးကြီးအုပ်ထားမှု စသည်တို့ပါဝင်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ အားလုံးအတွက် သာတူညီမျှမှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှု နှင့်ငြိမ်းချမ်းမှု ရရှိစေရန်အတွက် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကြီး၏ ရည်ရွယ်ချက်များ၊ စံနှုန်းများနှင့် မူဝါဒများကို အတူတကွ စည်းလုံးညီညွတ်စွာဖြင့် ထိန်းသိမ်းလိုက်နာကြရန် ပိုမိုလိုအပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ရာ၌ လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလက ဒီမိုကရေစီနည်းလမ်းအရ အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အချိန်မှစတင်၍ လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိခံစားလာခဲ့ရကြောင်း၊ နိုင်ငံ့တာဝန်စတင်ယူသည့် အချိန်မှစတင်၍ အရပ်သားအစိုးရသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းများချမှတ်ခဲ့ပြီး ယင်းတို့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့်ဖွံ့ဖြိုးရေး၊ ရခိုင်ပြည်နယ်အတွင်း အသိုက်အဝန်းများအကြား နက်နဲရှုပ်ထွေးသည့် တင်းမာမှုပြဿနာများအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုရရှိရေးတို့ ပါဝင်ပါကြောင်း၊ အသွင်ကူးပြောင်းသည့် သုံးနှစ်တာကာလ အတွင်းမှာပင် နိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှု-စီးပွားကဏ္ဍများ၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် ထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပြီး အသိသာ အထင်ရှားဆုံးတိုးတက်မှုမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အလမ်းများ ပိုမိုရရှိခံစားလာရခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏စီးပွားရေးမှာ လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အရှေ့တောင်အာရှတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း အလျင်မြန်ဆုံး နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်လာကြောင်း၊ ပြည်ဝင်ဗီဇာ ဖြေလျှော့ဆောင်ရွက်ပေးမှုများကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုနှုန်းမှာ လည်း ၂၅ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်နိုင်မည့် အခြေအနေများ တိုးမြှင့်ဆောင်ရွက်ပေးမှုများကြောင့် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာမှုတွင် တိုးတက်မှုအရှိဆုံးအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်သည့် နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ နုနယ်သေးပြီး ဒီမိုကရေစီမကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရှိနေသည့် နက်နဲရှုပ်ထွေးသည့် ကိစ္စရပ်များအပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ စိန်ခေါ်မှုများရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားပါဝင်သည့် (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပခြင်းဖြင့် နိုင်ငံအတွင်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ ယင်းပြဿနာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု သက်တမ်းနုနယ်သေးသည့် အချိန်ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအနက် တစ်ခုမျှသာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပြဿနာကို မြန်မာနိုင်ငံ၏ နက်နဲသိမ်မွေ့ပြီး ပြီးမြောက်မှုမရှိသေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့်ဆက်စပ်၍ ပိုမိုကျယ်ပြန့်သည့် ရှုထောင့်မှ ရှုမြင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှု ပြဿနာတစ်ရပ် မဟုတ်ကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း၊ အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ပေါ်ပေါ်ခဲ့သည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းတို့ ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း။

ထို့ကြောင့် ယခုပေါ်ပေါက်နေသည့် လူသားချင်း စာနာမှုပြဿနာတွင် အကြမ်းဖက်မှုကိစ္စရပ်များ ရောယှက် ပါဝင်နေခြင်းနှင့် ဒေသခံတိုင်းရင်းသား လူနည်းစုများ အပါအဝင် အသိုက်အဝန်း နှစ်ရပ်လုံးခံစားရသည့် ဆင်းရဲ ဒုက္ခများကို လျစ်လျူရှု၍ မရကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော် ပြောကြားထားပြီးဖြစ်ကြောင်း၊ နေရပ်ပြန်လာရေးအတွက် အဓိကအတားအဆီးတစ်ခုမှာ နေရပ်ပြန်လာလိုကြောင်း ထုတ်ဖော်ပြောကြားသည့် သို့မဟုတ် နေရပ်ပြန်လာရန် ဆန္ဒရှိသည့် နေရပ်စွန့်ခွာသူများအား ARSA အဖွဲ့က ခြိမ်းခြောက်၊ သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယခုပြဿနာရပ်ကို ဖြေရှင်း နိုင်ရန်အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့သည် နေရပ်ပြန်လာရေးကို လိုလားခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ရရှိစေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှု ဖြစ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက် မှုများရှိနေသော်လည်း နေရပ်စွန့်ခွာသူ ၃၅၀ ကျော်သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အခြေချနေထိုင်လျက်ရှိကြကြောင်း၊ မိမိတို့ အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သာမက အာဆီယံ၊ ဒေသတွင်းနှင့် ပြင်ပမှမိတ်ဖက်များနှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်များကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်း၍ အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် လက်ရှိ ပြဿနာကို ဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးတို့အတွက် အပြုသဘော ကူညီဆောင်ရွက်နေကြသည့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်များကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် အပြီးသတ်စာတမ်း၊ ဘာကူးကြေညာချက်၊ ပါလက်စတိုင်းနှင့်ပတ်သက်သည့် ကြေညာချက်တို့ကို အတည်ပြုခဲ့သည်။ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်း အဝေးအကြို အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ လည်းကောင်း၊ ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ လည်းကောင်း ကျင်းပခဲ့ပြီး ၂၃-၁၀-၂၀၁၉ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့်အစည်းအဝေး ပထမနေ့၌လည်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြား ခဲ့သည်။

ဘာကူးမြို့၌ ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး သည် အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။