ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဆိုင်ရာ ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် အောက်တိုဘာ ၂၄

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အကြိုဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၃-၁၀-၂၀၁၉ ရက်နေ့၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ယနေ့ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း၏ ပြဿနာများကို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေး တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီးကို စစ်အေးကာလ အရှိန်မြင့်တက်နေချိန်တွင် ဘန်ဒေါင်းမူဝါဒများကို အခြေခံ၍ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်က ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပခဲ့သည့်နိုင်ငံ (၅)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ကြောင်း၊ ဘက်မလိုက် အဖွဲ့ကြီးကို စတင်တည်ထောင်သူများအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီး ပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ကံကြမ္မာကို လွတ်လပ်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်စေရေးတို့ကို မျှော်မှန်းခဲ့ကြောင်း၊ စစ်အေးကာလပြီးဆုံးပြီးနောက် ကမ္ဘာကြီးတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ သို့သော် လည်း ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူကြီးများမှာ ယနေ့တိုင် ဆီလျော်မှန်ကန်နေဆဲ  ဖြစ်ကြောင်း၊ စစ်အေးကာလ ပြီးဆုံးချိန်နောက်ပိုင်း အနည်းငယ် မှေးမှိန်သွားခဲ့ သည့် ဘန်ဒေါင်းစိတ်ဓာတ်ကို ဘက်မလိုက်အဖွဲ့ဝင် အားလုံး၏ အကျိုးစီးပွားအတွက် ပြန်လည်၍ အင်အား ဖြည့်တင်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘက်မလိုက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ အခြေခံမူကြီးများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ကို ဝင်ရောက်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် လေးစားမှုရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရေးစသည့် အခြေခံ မူဝါဒများကို အစဉ်အမြဲ လေးစားလိုက်နာရန် လိုအပ် ကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးအရ အင်အားပြိုင်ဆိုင်မှုကြောင့် မကြာသေးမီက စစ်အေးပုံစံ အသွင်သစ်တစ်မျိုး ပြန်လည်၍ အသက်ဝင်လာခြင်းနှင့် လက်ရှိကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲများသည် စိန်ခေါ်မှုများကို စုပေါင်းစွမ်းအားဖြင့် တုံ့ပြန်ဖြေရှင်းနိုင်စေရန်အတွက် ဘက်မလိုက်အဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို အရှိန်အဟုန်မြှင့်တင်ရန် ပိုမိုလိုအပ်လာမှုကို ထပ်လောင်း ၍ မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နှင့် ၎င်းတို့၏ ပြည်တွင်းရေးပြဿနာများကို နိုင်ငံ၏ပကတိအခြေအနေ၊ အနေအထားဖြင့် ဖြေရှင်းခွင့်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ဆက်စပ်လွှမ်းခြုံမှုကြောင့် နိုင်ငံအလိုက် နယ်နိမိတ်များအား ဝေဝါးမှေးမှိန်စေခဲ့ပြီး နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို တဖြည်းဖြည်း ထိပါးလာမှုများကို တွေ့မြင်လာရကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် ထိပါးလာခြင်းကို လူ့အခွင့်အရေးကိုကာကွယ်ရေး ခေါင်းစဉ်အောက်တွင် အများဆုံးတွေ့မြင်နိုင်ကြောင်း၊ လက်ရှိ ကမ္ဘာ့ဖြစ်စဉ် (world order) တွင် မညီမျှမှုများ၊ တရား မမျှတမှုများ၊ စံနှုန်းနှစ်ထပ်သတ်မှတ်ခြင်းနှင့် ကမ္ဘာ့ စီးပွားရေးဖြစ်စဉ်တွင် မညီမျှမှုများဖြင့် ပြည့်နှက်နေပြီး ယင်းတို့က ဖွံ့ဖြိုးမှုကွာဟချက်ကို ပိုမိုကြီးမားလာစေကြောင်း၊ ချမ်းသာပြီးအင်အားကြီးမားသည့် နိုင်ငံများက ကမ္ဘာ့သတင်းမီဒီယာကို ထိန်းချုပ်ခြယ်လှယ်၍ မမျှတသည့် သတင်းများထုတ်လွှင့်နေခြင်းနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ သဘောထားအမြင်များကို ဖိနှိပ်ထားခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ မူဝါဒဆိုင်ရာဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် ဆိုးရွားစွာလွှမ်းမိုးလျက်ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအကျိုး အမြတ် ရရှိရေးကိုရည်ရွယ်၍ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ အား အလွဲသုံးစားပြုလုပ်ခြင်းကို ခွင့်မပြုသင့်ကြောင်း၊ လက်ရှိရင်ဆိုင်နေရသည့် ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန် ဖြေရှင်းနိုင်ရန်အတွက် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာရပ်များကိုလည်း ချစ်ခင်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံအကြား ဖြေရှင်းရန် အထူးအရေးကြီးကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ထိလွယ်ရှလွယ် ကိစ္စရပ်များကို အဖွဲ့ကြီး၏ ဆွေးနွေးမှုအတွင်း၌ ထည့်သွင်းလာခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား စိန်ခေါ်မှုများနှင့် နက်နဲသိမ်မွေ့သည့် ကိစ္စရပ်များကို နားလည်နိုင်ရန်ကြိုးပမ်းခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင်စေမည့် အဓိကအချက် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန်ပြောကြားခဲ့ရာ၌ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှုပြဿနာတစ်ရပ် မဟုတ်ကြောင်းကို အတိအလင်း ပြောကြားလိုကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံ အတွင်းမှ မောင်းထုတ်နေခြင်းလည်း မဟုတ်ကြောင်း၊ ယင်းကိစ္စအား မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ် ဘက်မှ သုံးနှုန်းနေသည်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြောင်း၊ အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သည့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ ထိုအချိန်က ဆန်စပါးတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှ အာဏာပိုင်များက ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ မြို့နယ်များသို့ အလုံးအရင်းနှင့် ပို့ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့်ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊ နေရပ် ရွှေ့ပြောင်းနေထိုင်ခြင်းပြဿနာတွင် ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့လည်း ထပ်လောင်းရောယှက်ပါဝင်နေကြောင်း၊ ဒေသခံတိုင်းရင်းသားအသိုက် အဝန်းများနှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန်ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားမပြု ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင် ကိုးကွယ်မှုအယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး မတူညီသည့် ကိုးကွယ်ယုံကြည်သူများ၏ ဘာသာရေး အဆောက်အဦများသည်လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ် တည်ရှိနေကြ ကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသည့် အသိုက်အဝန်း အားလုံး၏ဒုက္ခကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မှု ရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတို့တွင် ရဲကင်းစခန်းအများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ကို မျက်ကွယ်မပြုသင့်ကြောင်း၊ နှစ်ဖက်စလုံး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသိုက်အဝန်းအားလုံး ထိခိုက်ခံစားခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုရရှိစေမည့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုရရှိအောင် ဆောင်ရွက်ရေးကို အစိုးရအနေဖြင့် အပြည့်အဝ ကတိကဝတ်ထားရှိပါကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အရေးအကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်မှာ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေးကို အနှောင့်အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ်သည့် ယန္တရားများနှင့် အညီ အတူတကွ ဖြေရှင်းရေးပင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ ယခုကိစ္စရပ်သည် လူဝင်မှုကိစ္စနှင့် သက်ဆိုင်သည့်ကိစ္စရပ် ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးထားသည့် သဘောတူညီချက်ကို အတိအကျ လိုက်နာပါက ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့်နည်းတူ နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အဓိကအတားအဆီးတစ်ခု မှာ ကော့ခ်ဘဇားစခန်းများရှိ နေရပ်ပြန်လာရေးလုပ်ငန်းစဉ် ကို မလိုလားသည့် ARSA အကြမ်းဖက်အဖွဲ့နှင့် သဘောထား တင်းမာသည့် အုပ်စုများက ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ယင်းအကြမ်းဖက် အုပ်စုများ တည်ရှိနေခြင်းကို မျက်ကွယ်ပြုမထားသင့်ကြောင်း၊ ၎င်းတို့သည် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝစေရန်အတွက် အသုံးချလျက်ရှိပြီး ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများရှိနေသော်လည်း နေရပ်စွန့်ခွာသူ ၃၅၀ ကျော်သည် ၎င်းတို့၏အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ယမန်နေ့က နေရပ်စွန့်ခွာသူ နောက်ထပ် ၂၉ ဦး ရခိုင်ပြည်နယ်သို့ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အခြေချနေထိုင်လျက ်ရှိကြကြောင်း၊ နေရပ်သို့ပြန်လာလိုကြောင်း အတိအလင်းဆန္ဒထုတ်ဖော် ပြောကြားထားပြီးဖြစ်သည့် ဟိန္ဒူလူမျိုး ၄၄၄ ဦးကို ပြန်လည်ပို့ဆောင်ပေးရန် အကြိမ်ကြိမ် ပြောကြားနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့ပေးခြင်းမရှိသေးကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၊ ဒေသတွင်းနှင့်ပြင်ပမှ မိတ်ဖက်များနှင့်ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် နက်နဲရှုပ်ထွေးပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်နိုင်ရန်နှင့် အသိပညာပေးရန်အတွက် အချိန် နှင့် အခြေအနေပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို အခြေခံ၍ ဘင်္ဂလားဒေ့ရှ်နှင့်ပူးပေါင်း၍ လက်ရှိပြဿနာကို ဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ဆက်လက်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။