ဘူးသီးတောင်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

ဘူးသီးတောင် မေ ၁၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာပေးသင်တန်း (၂/၂၀၁၉) "အခြေခံအပ်ချုပ်စက်" သင်တန်းဖွင့်ပွဲ အခမ်အနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ် သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ဘဝကို အကျိုးရှိစွာ အသုံးချတတ်စေရန်လိုအပ်ပါကြောင်း၊ သင်တန်းမှသင်ကြား ပို့ချပေးလိုက်သည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ ကြိုးစား သင်ယူကြစေကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်က သင်တန်းဖွင့်လှစ် ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှု လျှော့ချရေးတွင် အထောက်အကူပြုနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းများ၊ အခြေခံအပ်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သော ဘာသာရပ်များကို လက်တွေ့ ကသုံးချကာ မိသားစု ဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးကြ စေလိုကြောင်း ပြောကြားသည်။ အခမ်းနားသို့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ၊ ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းကို ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ(၁၀) ရက်နေ့မှ (၃၀) ရက်နေ့ထိ (၂၀) ရက်ကြာ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)