ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာအနီးသို့ ရောက်ရှိလာသော AA အဖွဲ့အား တပ်မတော်က ပစ်ခတ်နှိမ်နင်း

နေပြည်တော် ဧပြီ ၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာအနီးသို့ ရောက်ရှိလာသော AA အဖွဲ့ကို ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နှင့် ဝါးခုတ်ချောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများအား ခြိမ်းခြောက်စိုးမိုးရန် ရည်ရွယ်ချက်ဖြင့် AA အဖွဲ့မှ အင်အား ၁၅၀ ခန့်သည် ဝါးခုတ်ချောင်းကျေးရွာ၏ အရှေ့ဘက် စိုင်းဒင်ချောင်းတစ်ဝိုက်သို့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရာ ညပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ် ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာန ချုပ်အား AA အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

စိုင်းဒင်ချောင်းအနီး AA အဖွဲ့ကို ရှင်းလင်းရာတွင် ၎င်းတို့နှင့်အတူရှိနေသည့် သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နှင့် ဖုန်ညိုလိပ်ကျေးရွာများမှ အစ္စလာမ်ဘာသာဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ကိုးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ ဘူးသီးတောင်မြို့ တပ်မတော် ဆေးရုံသို့ ရောက်ရှိလာသဖြင့် ဆေးဝါး ကုသမှုများ၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးပြီး လိုအပ်သော စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နေရာများအား တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။