ဘူးသီးတောင်မြို့နယ်အတွင်း ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်ချိန် တွင် ငါးဖမ်းခြင်းမပြုလုပ်ရန် ကြပ်မတ်စစ်ဆေးလျက်ရှိ

ဘူးသီးတောင် ဇွန် ၃

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီ အချိန်တွင် ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် ဒေသခံရေလုပ်သားများအား အသိပေး နှိုးဆော်ထားပြီး ကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံး ငါးများကို ဖူလုံစွာစားသုံးနိုင်ရန်၊ အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်နှင့် ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးရစ်ငါးသန်း ရာသီချိန်များတွင် ရေလုပ်သားများအနေဖြင့် ငါးများကို ဖမ်းဆီးခြင်း မပြုလုပ်ကြရန် အသိပေး နှိုးဆော်ချက်များ ထုတ်ပြန်တားမြစ်ထားကြောင်း၊ ပြည်သူများအနေဖြင့် နုနယ်လှသော ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုလုပ်ဘဲ ဘေးမဲ့ပေးကြရန် မြို့နယ်အတွင်း အသိပေး နှိုးဆော်ထားကြောင်း ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြစ်ချောင်းအတွင်း၌ ငါးရစ်ငါးသန်း ရာသီချိန်များတွင် ငါးဖမ်းဆီးခြင်း မပြုလုပ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အသိပေးထားပြီး တာဝန်ရှိသူများက လိုက်လံကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း၊ တားမြစ်ချက်များအား လိုက်နာခြင်း မရှိသူများကို ရေချိုငါးလုပ်ငန်းဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)