စစ်တွေမြို့ နာဇီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူ ၁ဝ၆ ဦးကို စက်လှေတစ်စင်းနှင့်အတူ ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်ဝ၌ တွေ့ရှိ

စစ်တွေမြို့ နာဇီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူ ၁ဝ၆ ဦးကို စက်လှေတစ်စင်းနှင့်အတူ ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်ဝ၌ တွေ့ရှိ

နေပြည်တော် နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကုလားတန်းကျေးရွာအုပ်စု သံတဲ ကျေးရွာအနီး ရန်ကုန်မြစ်ဝ ပင်လယ်ကမ်းစပ်၌ ယနေ့နံနက် ၄ နာရီတွင် သောင်တင် နေသော စက်လှေတစ်စင်းအား တွေ့ရှိခဲ့သည်။

စုစုပေါင်း ၁ဝ၆ ဦးအား တွေ့ရှိခဲ့

အဆိုပါလှေ ရှိရာသို့ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါစက်လှေ ပေါ်၌ အမျိုးသား ၅ဝ ၊ အမျိုးသမီး ၃၁ ဦး၊ ကလေး ကျား ၁၃ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၁ဝ၆ ဦးအား တွေ့ရှိခဲ့သည်။

၎င်းတို့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ နာဇီဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ထွက်ခွာ လာခြင်းဖြစ်ပြီး စက်သုံးဆီကုန်သွားသဖြင့် နီးစပ်ရာ သံတဲကျေးရွာဘေးရှိ ပင်လယ်ကမ်းစပ်၌ ဆိုက်ကပ်ထားခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

တွေ့ရှိခဲ့သည့် အဆိုပါလူအုပ်စုကို သံတဲကျေးရွာရှိ Cyclone Shelter ၌ ပြောင်းရွှေ့နေရာချထားပေးပြီး ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားရှိကြောင်း နှင့် လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်

Tags