ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသခံများနှင့် မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများနှင့်တွေ့ဆုံ

စစ်တွေ နိုဝင်ဘာ ၁၈

စစ်တွေမြို့၌ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေလေဆိပ်မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။

ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အထူးကိုယ်စားလှယ်တို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဧည့်ခန်းမ၌ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေးတို့နှင့်တွေ့ဆုံကာ တစ်နှစ် တာကာလအတွင်း မောင်တောဒေသတွင် တိုးတက်ပြောင်းလဲလာမှုအခြေအနေများ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် မောင်တော မြို့နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက် ရှိနေသည့် ဒေသခံတိုင်းရင်းသားများ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံပြီး နယ်မြေတည်ငြိမ် အေးချမ်းမှု အခြေအနေများ၊ စားဝတ်နေရေးအခြေအနေများ၊ အစိုးရ၏ ထောက်ပံ့ဆောင်ရွက်ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းနောက် ကိုယ်စားလှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိတို့သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ မိသားစုဝင်များနှင့် ဆက်လက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အထူးကိုယ်စားလှယ်က မိမိတို့ သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လာကြသည့် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ လက်ရှိစားဝတ်နေရေးနှင့် အခက်အခဲများ၊ အစိုးရ၏ ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တစ်ဖက်နိုင်ငံတွင်ရောက်ရှိစဉ်က ကြုံတွေ့ခံစားခဲ့ရမှု အခြေအနေများနှင့်စပ်လျဉ်း၍မေးမြန်းပြီး ၎င်းမိသားစုဝင်များအနက်မှ အမျိုးသမီးများအား သီးခြား တွေ့ဆုံမေးမြန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အထူးကိုယ်စားလှယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့မှ စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိကြသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် လွှတ်တော်သို့ သွားရောက်ပြီး ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့နှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တိုက်ပွဲရှောင်များအရေး၊ အပစ်အခတ် ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာများ၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာမည့်အပေါ် သဘောထား အမြင်များ၊ မကြာမီကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။