ဒုတိယဝန်ကြီး ဦးကျော်လင်း မောင်တောဒေသတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိသော အိုးထိန်းစခန်း၊ ကြိမ်ချောင်းတောင်စခန်းနှင့် လှဖိုးခေါင်ကြား စခန်း၊ သက္ကယ်ပြင်နှင့် ရွှေဇားအိမ်ရာစခန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ဩဂုတ် ၁၁ ရက်က ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေးအတွက် မောင်တောဒေသတွင် အိမ်ရာများ တည်ဆောက်လျက်ရှိသော အိုးထိန်းစခန်းသို့ ရောက်ရှိကာ စခန်းအဝင်လမ်း ကျောက်ချောလမ်း ခင်းထားမှုနှင့် အိမ်ရာတည်ဆောက်မှုများအား စစ်ဆေးပြီး ဒုတိယဝန်ကြီးက အိမ်ရာများ ၁၀၀ ရာခိုင်နှုန်းပြီးနေပြီဖြစ်သော်လည်း အိမ်ရာအဝင် မြောင်းကူးတံတားများ၊ အိမ်ရာအတွင်းလမ်းများ ဆောင်ရွက်ပေးရန်နှင့် မိုးတွင်း၌ ပျက်စီးမှုအခြေအနေများကို စောင့် ကြည့်၍ ပြုပြင်ပေးသွားရန် မှာကြားသည်။ အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသူများအတွက် UEHRD မှ အိမ်ရာ ၇၂ လုံး၊ ဂျပန်နိုင်ငံမှ အလုံး ၅၀ နှင့် Community Centre တစ်လုံး တည်ဆောက်ပေးထားရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီး စုစုပေါင်းအိမ်ရာ ၁၂၂ လုံးမှာ အဆင်သင့် တက်ရောက်နေထိုင် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းတောင်စခန်းတွင် တည်ဆောက်လျက်ရှိသော စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်း ထားမှုနှင့် စခန်းအတွင်း အိမ်ရာများတည်ဆောက်ထားမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။ ကြိမ်ချောင်းတောင်စခန်းတွင် UEHRD မှ အိမ်ရာအလုံး ၁၀၀၊ အိန္ဒိယနိုင်ငံမှ အိမ်ရာအလုံး ၆၀ ၊ ဂျပန်နိုင်ငံမှ အိမ်ရာ ၅၁ လုံးနှင့် Community Centre တစ်လုံး တည်ဆောက်ကြရာ အားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေသဖြင့် စုစုပေါင်း အိမ်ရာ ၂၁၁ လုံးမှာ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက နေထိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

ပြန်လည်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြ

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖဲသည် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက် လာပါက ကြားစခန်း (Transit Camp) အဖြစ် ဆောင်ရွက်ထားရှိမည့် လှဖိုးခေါင် စခန်းသို့ ရောက်ရှိ ခဲ့ကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူးက အဆောက်အဦများ တည်ဆောက်ထားရှိမှုနှင့် ယခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦအချို့အား ပြန်လည် ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြားစခန်း တွင် ယာယီနေထိုင်သူများ အတွက် ကျွေးမွေးရေးအစီအစဉ်နှင့် ကျန်းမာရေးစောင့် ရှောက်မှု အတွက် ပြင်ဆင်ထားမှုများကို ကြည့်ရှု စစ်ဆေးသည်။ ကြားစခန်းတွင် အဆောက်အဦ ၆၂၃ လုံးရှိပြီး တစ်လုံးလျှင် မိသားစု ရှစ်စု နေထိုင်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

လိုအပ်သလိုဆောင်ရွက်ပေးသွားရန် အဆင်သင့်ပြင်ထား

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါစခန်းတွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော Assemble Board House အလုံး ၁၀၉၀ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ အလုံး ၉၀ မှာ နေရာ ချထားပြီး အုတ်ရေကန်၊ ရေဘုံဘိုင်၊ အိမ်သာနှင့် မိလ္လာကန်များအားလုံး ဆောင်ရွက်ထားပြီး နေထိုင်ရန်အသင့် ဖြစ်နေပြီဖြစ်ကြောင်း၊ အလုံး ၁၀၀ မှာ အဆင်သင့် တပ်ဆင်ထားပြီး နေရာချထားရန်သာကျန်ရှိကာ ကျန်အလုံး ၉၀၀ မှာ စခန်းအတွင်းထားရှိကာ ပြန်လည်ဝင်ရောက်လာ မည့် လူဦးရေပေါ်မူတည်ကာ လိုအပ်သလိုဆောင်ရွက်ပေးသွားရန် အဆင်သင့် ပြင်ထားကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သက္ကယ်ပြင်အိမ်ရာစခန်းနှင့် နေရပ်စွန့်ခွာသွားသော ဟိန္ဒူဘာသာဝင်များ နေထိုင်ရန်အတွက် ရွှေဇားအိမ်ရာစခန်းတွင် အိန္ဒိယနိုင်ငံမှ ဆောက်လုပ် လှူဒါန်းထားသော အိမ်ရာများအား ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းများအဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် မောင်တောခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိမိတို့ကျရာ တာဝန်မှာ စေတနာ ထားပြီး အကောင်းဆုံး ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ အားလုံး အဆင်ပြေစေရန်အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်