ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်မည်

နေပြည်တော် နိုဝင်ဘာ ၂၅

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့ နယ်မြေခံ တပ်၌ စစ်တရားရုံး (Court-Martial) ဖြင့် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ (The Defence Services Rules )နှင့်အညီ ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) က ဂူတာပြင် ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင် သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှု ကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်းစစ် တရားရုံးချုပ် (Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင်မြို့ နယ်မြေခံတပ်၌ စတင်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE၏ အစီရင်ခံစာ ထွက်ရှိလာသည့် အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများက ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက်စုံစမ်း စစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။