ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဧရာ၀တီဖောင်ဒေးရှင်း စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကာကွယ်ကုသရေးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဧရာ၀တီဖောင်ဒေးရှင်း စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကာကွယ်ကုသရေးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ရန်ကုန် ဩဂုတ် ၂၈

ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့က ရောဂါကာကွယ် ကုသရေးပစ္စည်းများနှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
ဧရာ၀တီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ကို အနီးကပ်ကြပ်မတ်ကုသပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ်သိန်း ၁၆၀ တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေးပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၁၂၀ စုစုပေါင်းငွေကျပ် သိန်း ၂၈၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် လေးလုံး၊ Oxygen Concentrator ငါးလုံး၊ သွေးပေါင်တိုင်းစက် ၁၀ ခု၊ Infrared Thermometer ငါးခု၊ Gown Sterilize SMS ၁၅၀၊ Patient Monitor နှစ်လုံး၊ ICU သုံး PPE ၁၅၀၊ Surgical Facemask အခုရေ ၂၀၀၀၀ နှင့် 3M N95 Mask များပါဝင်ပြီး ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များအတွက်လည်း ဆက်လက်ထောက်ပံ့ကူညီသွားမည် ဖြစ်သည်။