ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဦးတည်လုပ်ဆောင်နေ ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်

ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဦးတည်လုပ်ဆောင်နေ ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်

နေပြည်တော် ဩဂုတ် ၂၈

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု၏ မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ ပြည်ထောင်စုနှင့် သက်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ မည်သည့်နေရာတွင် နာကျင်သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး နာကျင်ခြင်းဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်မှုကို ချဉ်းကပ်ပါကြောင်း၊ မည်သည့် နေရာဟု ခွဲခြားခြင်းမရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများသည် မြဝတီဘက်မှ ပြန်လည်ဝင်ရောက်လာမှု အများဆုံးဖြစ်ပါ ကြောင်း၊ ကရင်ပြည်နယ်ဟုဆိုသော်လည်း ကရင်ပြည်နယ်ပြည်သူလူထုက ယင်းကိစ္စကို ခွဲခြားရပ်တည်ဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပြည်သူများ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်ဆိုပြီး အားလုံးက တတ်အားသမျှ ဝိုင်းဝန်း ကူညီကြပါကြောင်း၊ ၎င်းတို့အတွက် အတိုင်းအတာတစ်ခုအထိ စိုးရိမ်စိတ်နှင့် အခက်အခဲများရှိသော်လည်း ယင်းကိစ္စများကို အားလုံးကျော်လွှားနိုင်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။

ယခုအချိန်တွင် မိမိတို့အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ဆောင် ရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ပြဿနာများသည် များပြားပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်မှုများရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင် ခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် AA အဖွဲ့၏ စတင်တိုက်ခိုက်မှု များကြောင့် စိန်ခေါ်မှုများပိုမိုရင်ဆိုင်ခဲ့ရပါကြောင်း၊ ပြည်သူများလည်း များစွာ ဒုက္ခရောက်ခဲ့ကြပါကြောင်း၊ တိုက်ပွဲများဖြစ်သည့်အခါ အပြစ်မဲ့ပြည်သူများ ထိခိုက်ကြရပါကြောင်း၊ မိမိတို့ ပြည်သူများကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ကာကွယ်ရပါကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည်မှာ လူမှုအသိုင်းအဝိုင်းလုံခြုံရေးဖြစ်ပါကြောင်း၊ ယင်းကိစ္စတွင် ကျန်းမာရေးလည်း ပါဝင်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရ မည်ဆိုပါက လူမှုအသိုင်းအဝိုင်းတွင် လုံခြုံမှုမရှိနိုင်သည့်အတွက် တစ်ချိန်လုံးစိုးရိမ်နေရပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများ ထပ်တလဲလဲ ထုတ်ပြန်သတိပေးထားပါကြောင်း၊ ပထမပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပီပြင်သည့် အစီအစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ၏ ဆောင်ရွက်ချက်များကြောင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ရောဂါမပြန့်ပွားခင် တစ်လကျော်အထိ ပြည်တွင်း ကူးစက်မှုမရှိဟု ပြောရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိန်းသိမ်းနိုင်ခဲ့ပါ ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အရေးပေါ် စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားသည့်အခါ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့လုပ်ဆောင်ချက်များတွင် အရေးအကြီးဆုံးကိစ္စသည် ရောဂါမပြန့်ပွားရေး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများကို အပြင်မထွက်ကြရန် ပြောကြား သည်မှာ ဒဏ်ပေးခြင်းမဟုတ်ပါကြောင်း၊ တစ်နိုင်ငံလုံးသို့ ရောဂါပြန့်ပွားသွားလျှင် အားလုံးကို ထိထိရောက်ရောက် စောင့်ရှောက်မှုပေးရန် များစွာခက်ခဲပါကြောင်း၊ တစ်နေရာတည်းတွင် စောင့်ရှောက်မှုပေးရသည်မှာ ပိုမိုထိရောက်လွယ်ကူ ပါကြောင်း၊ မိမိတို့တွင်ရှိသည့် အရင်းအမြစ်များဖြင့် ပို၍ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင် နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြင်ပသို့ မသွားရောက်ကြရန် ပိတ်ပင် ထားခြင်းသည် ရောဂါရှိသူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါကြောင်း၊ ထိထိရောက်ရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် အုပ်ချုပ်မှုအရ စီမံမှုပေးနိုင်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၏အရေးကို အမြဲပူးပေါင်းပြီး ပါဝင်ဖြည့်ဆည်းကူညီဆောင်ရွက် ပေးကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ကူညီဆောင်ရွက် ပေးကြမည်ဟု မျှော်လင့်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မတူညီသည့် လူ့အသိုက် အဝန်းနှစ်ခုအတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေးကို အဓိကထားပါကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်လာချိန်တွင် ပို၍ သတိထားဆောင်ရွက်ရပါကြောင်း၊ ပဋိပက္ခနှင့် အခက်အခဲများကို စိန်ခေါ်မှု များအဖြစ် ခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခြေနေတွင် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေများပြားနေသည့်အပြင် ယခု ကပ်ရောဂါသည် ကူးစက်မှုအလွန်မြန်ဆန်သောကြောင့် စိုးရိမ်ပူပန်မှုများရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားသည် ဘဏ္ဍာငွေတောင့်တင်းမှုမရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့်ပတ်သက်၍ ကော်မတီတစ်ရပ်အမြန်ဆုံးဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်ခြေအဖွဲ့များက အဝင်အထွက်များကိုလည်း ထိန်းသိမ်းဆောင်ရွက်နေပါ ကြောင်း၊ အထူးသဖြင့် စစ်တွေမြို့တွင် ရောဂါကူးစက်မှုဖြစ်ပွားနေသည့် ဈေးကို လည်း ထိန်းသိမ်းဆောင်ရွက်နေသည့်အတွက် စိုးရိမ်မှုများလျော့ပါးလာမည်ဟု ယူဆပါကြောင်း။

စိုးရိမ်ပူပန်မှုများရှိသော်လည်း ညီညီညွတ်ညွတ်နှင့်ဆောင်ရွက်သွားမည် ဆိုပါက ယခုအနေအထားမှ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရောဂါ ပြန့်ပွားမှုမြန်ဆန်သောကြောင့် ရခိုင်ပြည်နယ်ကို ကန့်သတ်၍ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ပြီး အခြားဆက်စပ်နေသော တိုင်းဒေသကြီးများဖြစ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများမှ ပိတ်ပင်ကန့်သတ်မှုများပြုလုပ်သော ကြောင့် ကုန်စည်စီးဆင်းမှုမရှိ၍ ရိက္ခာပြတ်လပ်မှုဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှု များ ရှိပါကြောင်း၊ ယင်းစိုးရိမ်မှုနှင့် အခက်အခဲများကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် အမြန်ဆုံးကူညီဖြေရှင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် Quarantine Centre များ၊ ပြည်သူများကို ထောက်ပံ့နေရခြင်းများရှိပါကြောင်း၊ ၎င်းအပေါ် ငွေကြေးလိုအပ်ချက်များရှိနေပါကြောင်း၊ ယခုရန်ပုံငွေကျပ် ၈၅ ဒသမ ၅ သန်းရရှိထားပါကြောင်း၊ အရေးပေါ်ရန်ပုံငွေကျပ် ၁ ဘီလီယံကို တင်ပြ တောင်းခံထားပါကြောင်း၊ ဘဏ္ဍာငွေတင်ပြတောင်းခံထားမှုနှင့်ပတ်သက်၍ ခွင့်ပြုပေးစေလိုပါကြောင်း။

ကိုဗစ်နှင့်ပတ်သက်၍ ငွေကြေးသုံးစွဲထားမှုအနေဖြင့် ပြည်ထောင်စုအစိုးရက ငွေကျပ် ၁၄ ဒသမ ၈ ဘီလီယံ ၊ ပြည်နယ်အစိုးရအဖွဲ့က ၁ ဒသမ ၅၆၆ ဘီလီယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် ၃၁၁ ဒသမ ၄ သန်းခန့် သုံးစွဲထားပြီး စုစုပေါင်း ၁၆ ဒသမ ၇ ဘီလီယံ အသုံးပြုထားပါကြောင်း၊ ယခုငွေကြေးများဖြင့် ကျန်းမာရေးအတွက် လိုအပ်သော ပစ္စည်းများ၊ အခြားလိုအပ်သည့်နေရာများတွင် အသုံးပြုထားပါကြောင်း၊ ယခု ကာလကို အမြန်ဆုံးကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများ ကိုလည်း ယုံကြည်စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ရခိုင် ပြည်နယ်၏ အနေအထားသည် ထူးခြားသည့်အနေအထားဖြစ်သည့်အတွက် ယခုအခြေအနေအပေါ်တွင် အားလုံးဝိုင်းဝန်းပူးပေါင်းကာ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီး ညီညီညွတ်ညွတ်ဆောင်ရွက်ရေးသည် အရေးကြီးဆုံးဟု ထင်မြင်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်က တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း အမှန်တကယ် အကူအညီလိုအပ်နေသည့်အချိန်ဖြစ်သည့် အတွက် ရခိုင်ပြည်နယ်သို့ လာရောက်ကူညီပေးခြင်းဖြစ်ပါကြောင်း၊ မိမိသည် Quarantine Centre လေးခုတွင် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုဒေသ သည် အကူအညီအမှန်တကယ်လိုအပ်ပြီး အားနည်းသည့်အပိုင်းများလည်း ရှိပါ ကြောင်း၊ ယခင် Camp မှ အတွေ့အကြုံများကို တင်ပြလိုပါကြောင်း၊ ပထမ အချက်အနေဖြင့် Quarantine ဝင်သူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်း သည် အဓိကစိန်ခေါ်မှုဖြစ်ပါကြောင်း၊ Camp ကို ထောက်ပံ့ပေးသည့် ကာကွယ် ရေးပစ္စည်းများ တစ်ခါတစ်ရံ အချိန်မီရောက်မလာပါကြောင်း၊ တစ်ရက်နောက်ကျ သွားသည်ဆိုသော်လည်း မိမိတို့ အမှန်တကယ်လုပ်ကိုင်နေသူများအတွက် များစွာအခက်အခဲဖြစ်ပါ ကြောင်း၊ ထို့ကြောင့် များစွာစိုးရိမ်ပါကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာတွင် နောက်ကျ ခြင်းများ ကြုံရသည့်အတွက် ယခုဒေသသည် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများ ကြုံရနိုင်ခြေရှိမည်ဟု မိမိတို့မျှော်မှန်းထားပါကြောင်း။

မိမိတောင်းဆိုလိုသည်မှာ အကာအကွယ်ပစ္စည်းများ အချိန်မီရောက်ရန်နှင့် ရောက်သည့်ပစ္စည်းများ အရည်အသွေးပြည့်မီရန် ဖြစ်ပါကြောင်း၊ Quarantine ဝင်နေသူများသည် စည်းကမ်းမလိုက်နာမှုထက် ကျန်းမာရေးအသိပညာအားနည်း မှုဟု မိမိမြင်ပါကြောင်း၊ ကျန်းမာရေးအသိပညာ အားနည်းသည့်အတွက်ကြောင့် မဆင်မခြင်နေထိုင်မှုများကို ကြုံတွေ့နေရပါကြောင်း၊ စည်းကမ်းမလိုက်နာပါက မိမိတို့ Quarantine Centre လုပ်သည့် ရည်ရွယ်ချက်သည် အောင်မြင်မည် မဟုတ်ပါကြောင်း၊ Quarantine ဝင်နေသူများ ပူးပေါင်းပါဝင်နိုင်ရန်အတွက် မိမိတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုလက်ရှိလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းအဖွဲ့များသည် စစ်တွေမြို့အနီး Quarantine ၁၃ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ထို ၁၃ ခုအနက် မှ မိမိတို့ဝင်ပေးရမည်မှာ ခြောက်ခုဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် Quarantine ခြောက်ခုရှိ Volunteer ၉၅ ရာခိုင်နှုန်းသည် အစိုးရဌာနအကြီးအကဲများ ဦးဆောင် သည့် ဝန်ထမ်းများနှင့် လုပ်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းသီးသန့် သည် ၅ ရာခိုင်နှုန်းသာဖြစ်ပါကြောင်း၊ အခြားသူများသည် ရုံးအဖွဲ့အစည်းမှ လုပ်ကိုင်နေခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိပါကြောင်း၊ ရခိုင်ပြည်နယ် တွင် Volunteer အဖြစ်ဆောင်ရွက်လိုသည့် ညီအစ်ကိုမောင်နှမများ ပါဝင်လာ အောင် ထပ်မံ၍တိုက်တွန်းပေးစေလိုပါကြောင်း၊ ဒေသခံများ ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကူညီပေးနိုင်သည်မှာ များစွာရှိသော်လည်း တချို့ နေရာများတွင် ဘာသာစကားအခက်အခဲရှိပါကြောင်း၊ ဒေသခံများ ပူးပေါင်း လုပ်ဆောင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိ Quarantine များတွင် လူတစ်ဦးအတွက် တစ်နေ့တာစားစရိတ် ၃၀၀၀ ပေးပါကြောင်း၊ ယင်း ၃၀၀၀ သည် စစ်တွေမြို့အနေဖြင့် များစွာခက်ခဲပါကြောင်း၊ ငွေကျပ် ၃၀၀၀ နှင့် ရှေ့ဆက်သွားမည်ဆိုပါက CSO အဖွဲ့နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများ ရေရှည်ခံနိုင်မှုတွင် အနည်းငယ် ပြဿနာရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စားရေးသောက်ရေးကိစ္စများအတွက် ငွေကျပ် ၅၀၀၀ ပေးမည်ဆိုပါက Volunteer အဖွဲ့အစည်းများ အဆင်ပြေသွားမည်ဖြစ်ပါကြောင်း၊ သောက်သုံးရေရှားပါး သည့်အတွက် Quarantine များတွင် သောက်သုံးရေရရှိရန် တာဝန်ရှိသူများက ထောက်ပံ့ပေးမည်ဆိုပါက ပိုမိုလွယ်ကူမည်ဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့ အစည်းများ ကူညီပေးသည်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားစာများကို အချိန်နှင့်တစ်ပြေးညီ ဗီဒီယိုကွန်ဖရင့်ဖြင့် သတိပေးပါကြောင်း၊ ပြည်သူလူထု သိရှိရန်လိုအပ်မည့် သတင်းအချက်အလက်များကို လက်ကိုင်စပီကာများဖြင့် ကြေညာပါကြောင်း၊ လက်ကမ်းပိုစတာများကို ရခိုင်တိုင်းရင်းသားများနှင့် IDP စခန်းများသို့ ရောက်ရှိ အောင် ဖြန့်ဝေခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ မရှိမဖြစ်လိုအပ်သည့် အကာအကွယ်ပစ္စည်း များနှင့် အသိပညာပေးပစ္စည်းများ လစဉ်ထောက်ပံ့ပေးပါကြောင်း။

မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့်အချိန်မှစ၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပါကြောင်း၊ နေရာဒေသ အနေ အထားနှင့် အကူအညီရရှိမှုအပေါ်မူတည်၍ မိတ်ဖက်အဖွဲ့အစည်းများဖြင့် အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ LED Board ဖြင့် လက်ဆေး သည့် ဗီဒီယိုများနှင့် သီချင်းများကို ပြည်သူများအကြားတွင် သိသာအောင် တစ်ရက်လျှင်နှစ်ကြိမ် ဖွင့်လှစ်ပြသခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မိတ်ဖက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ Health Cluster အစည်းအဝေးများကို လစဉ် ကျင်းပပါကြောင်း၊ ရုံးပိတ်ရက်ရှည်ကာလတွင် Sample များ ရန်ကုန်သို့ သယ်ယူပို့ဆောင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး၍ ကားလမ်းကိုအသုံးပြုကာ စီစဉ်ဆောင်ရွက်ရေးဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းဆုံး ဖြတ်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ ပါကြောင်း၊ ပထမဆုံး Sample ကို ပိုလီယိုပပျောက်ရေးစီမံကိန်းမှ ကားဖြင့် ရန်ကုန်သို့ ပို့ဆောင်သည့်အခါတွင် ကားသမားနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တိုင်ပင်ဆွေးနွေး၍ လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် စီမံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်၌ သံသယလူနာရှိလာသည့်အချိန် တွင် ပြည်သူလူထုအား အသိပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မတ်လ၊ ဧပြီလနှင့် မေလများတွင် Social Distancing ကိစ္စများနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးကိစ္စများကို ပိုမိုအားစိုက် ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ရရှိခဲ့ပါကြောင်း၊ သို့သော် ကာလကြာရှည်လာသည်နှင့်အမျှ စည်းကမ်းလိုက်နာမှုများသည် လျော့နည်းလာပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Health Sector Contingency Plan ကို ရေးဆွဲခဲ့ပြီး ယင်း Plan အပေါ်အခြေခံ၍ ရခိုင်ပြည်နယ်နှင့် ကိုက်ညီ သည့် Rakhine State Health Sector Contingency Plan ကို ရေးဆွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသည့် လူနာများကို မည်သည့်လမ်းကြောင်းမှ မည်သို့သယ်ဆောင်မည်၊ IDP စခန်းများရှိ လူနာများအတွက် မည်သည့်ဆေးရုံ များကိုအသုံးပြုကြမည်၊ အရေးပေါ် ဖြစ်ပွားလာလျှင် မည်သို့ဆောင်ရွက်ကြမည်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်များကို ရေးဆွဲထုတ်ပြန်ပြီး ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများကိုဖြန့်ဝေခဲ့ပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလှူငွေများအား ဗဟိုသို့အပ်နှံခြင်းမပြုဘဲ ရခိုင်ပြည်နယ်၌သာ သုံးစွဲမည့်ကိစ္စအား ခွင့်ပြုပေးပြီးဖြစ်ပါကြောင်း၊ ရိက္ခာကိစ္စတင်ပြချက်နှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရိက္ခာပြတ်လပ်မှုမရှိစေရန် အာမခံပါကြောင်း၊ လိုအပ်သည့် ရိက္ခာများကို ရနိုင်သည့်နည်းလမ်းဖြင့် ပို့ပေးမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ပူးပေါင်းဆောင်ရွက်မည် ဟု ယုံကြည်ပါကြောင်း၊ ဘဏ္ဍာငွေကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သော်လည်း ပြည်ထောင်စု၏ လိုအပ်သည့် အစိတ်အပိုင်းအား အမြဲပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း။

ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြမည်ဟု ယုံကြည်ပါ ကြောင်း၊ ယင်းမှာ အင်အားပင်ဖြစ်ပါကြောင်း၊ နိုင်ငံမချမ်းသာသော်လည်း မိမိတို့ပြည်သူများ၏ ရက်ရောသည့်စိတ်ဓာတ်သည် များစွာချမ်းသာပါကြောင်း၊ အရေးကြီးလျှင် သွေးစည်းလိုသည့် စိတ်ဓာတ်၊ ဝိုင်းဝန်းကူညီပံ့ပိုးလိုကြသည့် စိတ်ဓာတ်ရှိသည့်အတွက် ငွေကြေးအနေဖြင့် လုံလုံလောက်လောက်ပံ့ပိုးပေးနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုတစ်စိတ်တစ်ပိုင်းကျန်းမာရေးအတွက် လိုအပ်ချက်မရှိစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။

မိမိတို့ပြည်ထောင်စု ရေရှည်ရည်မှန်းချက်နှင့် သားသမီးအားလုံးအတွက် ရည်မှန်းချက်များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအကြောင်းပြုသည့် ပဋိပက္ခများရှိပါကြောင်း၊ အမုန်း တရားကို တူးဆွနေသူများ၊ မေတ္တာမပွားဘဲ တစ်ဦးနှင့်တစ်ဦးကြား ပဋိပက္ခ ဖြစ်ပွားအောင် လှုံ့ဆော်နေမှုများရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်၌ ကိုဗစ်ကို တိုက်ထုတ်ကြရာတွင် တစ်ဦးအပေါ်တစ်ဦး မည်သို့စေတနာထားသည်ကို ပြသ ရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မည်သူက အမှန်တကယ်စေတနာရှိသည် ဆိုသည်မှာ ပေါ်လာမည်ဖြစ်ပါကြောင်း၊ ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စု အတွက် ရခိုင်ဆိုသည့် စိတ်ဓာတ်နှင့်ကြည့်ရန် များစွာအရေးကြီးပါကြောင်း။

ဆိုရှယ်မီဒီယာတွင် ရေးသားနေကြသူများသည် တာဝန်သိစိတ်၊ အမှန် တကယ်စေတနာဖြင့် ရေးသားတင်ပြရန်လိုအပ်ပါကြောင်း၊ အရေးကြီးသည်မှာ အချက်အလက်များ မှန်ကန်ရန်ဖြစ်ပါကြောင်း၊ တချို့သည် မစဉ်းစားဘဲ၊ မှန်ခြင်း၊ မမှန်ခြင်းကို ဂရုမစိုက်ဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားတင်ပြကြပါကြောင်း၊ ဆိုရှယ်မီဒီယာ၌ တင်ပြရာတွင် မှန်ကန်မှုရှိရန် ပထမအချက်ဖြစ်ကြောင်း၊ မှန်ကန်ပြီး အများအတွက်အကျိုးရှိရန်လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ယခုလုပ်နေရသည့် လုပ်ငန်းများကို ပိုမိုခက်ခဲစေသည့် ကိစ္စများကို ဆိုရှယ်မီဒီယာများတွင် ရေးသားတင်ပြခြင်းကို လူတိုင်းကဆင်ခြင်ရမည် ဖြစ်ပါကြောင်း။

ယခုအချိန်သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပြန့်ပွား မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါပြန့်ပွား ခြင်းကြောင့် မိမိတို့ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် ဦးတည်လုပ်ဆောင်နေပါကြောင်း၊ ထို့ပြင် ယခုအချိန်သည် အမှန် တကယ်စည်းလုံးညီညွတ်ရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည် ပါကြောင်း၊ လာမည့်ရက်သတ္တ ၃ ပတ်၊ ၄ ပတ်အတွင်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင် မည်ဆိုပါက ကိုဗစ်ရောဂါပြန့်ပွားမှုအတွက် စိတ်သက်သာရာရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယခုရက်သတ္တ ၃ ပတ်၊ ၄ ပတ်အတွင်း အားလုံး စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် များစွာအရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ကြမည်ဟုလည်း မိမိတို့မျှော်လင့်ပါကြောင်း၊ ယင်းသည် ရေရှည် အတွက် များစွာကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ မေတ္တာထားမှု၊ ယုံကြည်အားကိုးမှုများရှိလာကြမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့် ကိစ္စများ၊ စိန်ခေါ်မှု များကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အရည်အသွေးမီ ကာကွယ်ရေးပစ္စည်းများ အချိန်မီရောက်ရန် လုပ်ဆောင်ပေးနိုင်ပါကြောင်း၊ စည်းကမ်းလိုက်နာခြင်းသည် မိမိအတွက် အကာအကွယ်ဖြစ်သည်ကို သဘော မပေါက်ကြပါကြောင်း၊ မိမိအတွက်လုပ်သည်ကို အမှန်တကယ်သဘောပေါက် မည်ဆိုပါက စည်းကမ်းလိုက်နာမှုသည်ခက်ခဲမည်ဟု မထင်မြင်မိပါကြောင်း၊ သို့သော်လည်း အများသည် စည်းကမ်းဆိုသည်ကို အပြင်လူက မိမိအပေါ်တွင် ပိတ်ပင်ထားသည်ဟု မယူဆစေလိုပါကြောင်း၊ စောင့်ရှောက်ပေးသည်ဟု ယူဆ စေလိုပါကြောင်း၊ ထိထိရောက်ရောက် စောင့်ရှောက်နိုင်အောင် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း၊ အကန့်အသတ်များ လုပ်ဆောင်သည်ဆိုသည်မှာ ပိတ်ပင်တားဆီးခြင်း မဟုတ်ပါကြောင်း၊ စည်းကမ်းဆိုသည်မှာ မိမိအတွက် ကာကွယ်နိုင်အောင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းများက Quarantine ဝင်နေသည့် ပြည်သူများ နားလည်အောင် ရှင်းပြရမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းသည် Quarantine ဝင်နေသူများအတွက် နံပါတ်တစ်ဖြစ် ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် စေတနာ့ဝန်ထမ်း များက ပြောပေးရန်လိုအပ်ပါကြောင်း၊ Quarantine ဝင်နေသူများသည် ကျန်းမာ ရေးဝန်ထမ်းများထက် စေတနာ့ဝန်ထမ်းများနှင့် ပို၍ထိတွေ့မှုရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် ကုသ၊ စောင့်ရှောက်ရန်အတွက် တာဝန်ရှိပြီး စေတနာ့ဝန်ထမ်းများသည် လူမှုရေးအရ၊ စိတ်ဓာတ်ရေးအရ ပုံသွင်းပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် အရင်ရာစုနှစ် တစ်ဝက်အတွင်းတွင် နာမည်မကောင်းခဲ့ပါကြောင်း၊ ယခုယင်းကိစ္စများကို ပြောင်းလဲရန် ကြိုးစားနေ ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့ဝန်ကိုထမ်းနေသည့်သူများဖြစ်ပါ ကြောင်း၊ ပြည်သူအကျိုးကို ပြုသူများအဖြစ် မြင်စေလိုပါကြောင်း၊ သောက်သုံးရေ မပြည့်စုံပါက အခြားပြဿနာများစွာရှိတတ်ပါကြောင်း၊ ထို့ကြောင့် သောက်သုံး ရေကိစ္စကို ဦးစားပေး၍ စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ စားစရိတ်အနေဖြင့် တစ်နေ့ ၃၀၀၀ မလုံလောက်ပါက ပြန်လည်စဉ်းစားပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရမည်ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်ကို နားထောင်နေသည့် ရခိုင်ပြည် နယ်မှ ဒေသခံလူငယ်များရှိမည်ဖြစ်ပါကြောင်း၊ တခြားဒေသမှ လူမှုရေး၊ ဘာသာ ရေးအရ မဟုတ်ဘဲ မေတ္တာ၊ စေတနာ၊ ကရုဏာအရ လာရောက်ကူညီပေးမှုများ ရှိနေပါက ရခိုင်ပြည်နယ်မှ ဒေသခံလူငယ်များအနေဖြင့် ပိုပြီးကူညီလိုသည့် စိတ်ဓာတ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများက ရှေ့ဆောင်လမ်းပြလုပ်ပေးခြင်းကြောင့် ဒေသခံလူငယ်များအနေဖြင့် ဝိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းအဖွဲ့များတွင် ပါဝင်လာကြမည်ဟု ယုံကြည်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် စိန်ခေါ်မှုသည် မိမိတို့နိုင်ငံ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာဘက်တွင် အနည်းငယ် အားနည်းနေသည့်အတွက် တချို့ကပေါ့ဆခြင်းဖြစ်ပါကြောင်း၊ Quarantine Centre များတွင် ကျန်းမာရေးပညာပေးဆိုင်ရာများကို စပီကာဖြင့် တစ်နေ့လျှင်နှစ်ကြိမ်၊ သုံးကြိမ်ထုတ်လွှင့်ပေးပါက နေထိုင်ရင်းဖြင့် ကျန်းမာရေး ပညာများ ရရှိကြမည်ဖြစ်ပါကြောင်း၊ မိမိစိုးရိမ်သည်မှာ တချို့သည် ကိုဗစ်ရောဂါ ခံစားရပြီး ပျောက်သွားလျှင်ပြီးဆုံးပြီဟု ထင်မြင်ကြပါကြောင်း၊ မိမိနားလည် သည်မှာ ကမ္ဘာ့ပညာရှင်များ၏သုံးသပ်မှုအရ ကိုဗစ်-၁၉ ရောဂါသည် နောက် တစ်ခါ ပြန်မခံစားရနိုင်ဟု အာမခံချက်မရှိပါကြောင်း၊ ယင်းကို တချို့ကမသိရှိ ကြပါကြောင်း၊ ထို့ကြောင့် ပေါ့လျော့သွားခြင်းလည်းပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ကုသဆေးမပေါ်မီကာလတွင် ပြီးသွားသည်၊ ပျောက်သွားသည်ဟု သတ်မှတ်၍မရပါကြောင်း၊ နောက်တစ်ကြိမ်လည်း ပြန်ဖြစ် နိုင်ခြေရှိ၊ မရှိ မသေချာပါကြောင်း၊ သတိဆိုသည်မှာ လွန်ကဲသည်ဟုမရှိပါ ကြောင်း၊ သတိဖြင့် နေရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ပြည်သူများအား ထပ်တလဲလဲသတိပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကို ထိန်းချုပ်၍ရရန် နိုင်ငံတော်အနေဖြင့် မည်မျှရုန်းကန်ခဲ့ရသည်ကို တချို့က သဘောမပေါက်ကြ ပါကြောင်း၊ ဩဂုတ်လဆန်းအထိ သုံးလ၊ လေးလခန့် ပီပီပြင်ပြင်ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရုန်းကန်ခဲ့ရပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများကို စောင့်ရှောက်ကာကွယ် ရန် လိုအပ်သည်များကို ရှာဖွေပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့ရှာဖွေပေးရန် မလွယ်ကူပါကြောင်း၊ ရေတိုရေရှည်စဉ်းစားကြရပါကြောင်း။

ထို့ကြောင့် ယခုတင်ပြသွားကြသည့် လိုအပ်ချက်များသည် မိမိတို့ ပြည်သူ များ၏ လိုအပ်ချက်များဖြစ်သည့်အတွက် အားလုံးကို ဖြည့်ဆည်းပေးရမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ပြီးဆုံးသွားသည့် ကာလကိုလည်း စဉ်းစားရပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် မိမိတို့နိုင်ငံ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အနေအထားတွင် ရှိရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် နိုင်ငံက ချွတ်ခြုံကျနေပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့် ပုံစံမျိုးမဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရေတိုရေရှည်စဉ်းစားပြီး ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကဖြစ်ပါကြောင်း၊ ရခိုင်ပြည် နယ်၏ အဓိကစိန်ခေါ်မှုနှင့် အားနည်းချက်သည် စည်းလုံးညီညွတ်မှုအားနည်းခြင်း ဖြစ်ပါကြောင်း၊ စည်းလုံးခြင်းသည် အင်အားဆိုသည်ကို ယခုကာလတွင် ပြသ လိုပါကြောင်း၊ ညီညွတ်မှသာလျှင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာနှင့် စိန်ခေါ် မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းကိုပျက်ပြားအောင် လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များ၊ အစုအဖွဲ့များသည် ပြည်သူများအပေါ်တွင် အမှန်တကယ် စေတနာရှိသလားဆိုသည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ညီညွတ်မှုမရှိလျှင် ကျော်လွှားနိုင်မည် မဟုတ် ပါကြောင်း၊ ညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းသည် မိမိတို့နိုင်ငံအတွက် အကျိုးမရှိသည်ကို နားလည်စေလိုပါကြောင်း၊ တစ်ကမ္ဘာလုံးက မိမိတို့နိုင်ငံကို ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး အမြင်လွဲမှားနေကြပါကြောင်း၊ မိမိတို့ မည်မျှ ကြိုးစားသည်၊ မည်မျှအဆင်ပြေစေလိုသည်၊ ပြေလည်စေရန် လုပ်ဆောင်နေသည် ကို မမြင်ကြပါကြောင်း၊ မမြင်လိုသည်လည်း ပါဝင်ပါကြောင်း၊ မြင်လိုသည်ဖြစ်စေ၊ မမြင်လိုသည်ဖြစ်စေ မိမိတို့အနေဖြင့် မြင်အောင်အလုပ်ဖြင့်ပြသရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ရှိ ပြည်သူများ၊ ပြည်ထောင်စုတစ်ခုလုံးရှိ ပြည်သူများအားလုံး ရခိုင်ပြည်နယ်၌ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကူညီကြရန်၊ ညီညွတ်ကြရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေးမှုကို ရပ်နားလိုက်သည်။