ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်တွေမြို့သို့ရောက်ရှိ


စစ်တွေ ဇူလိုင် ၁၀

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှစစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ လမ်းမတော် တောင်ရပ်ကွက်ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထို့နောက် အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ နယ်မြေလုံခြုံရေး အခြေအနေကြောင့် နေရပ်စွန့်ခွာသူများ ခေတ္တနေထိုင်ရာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အကွက် (၁၃) ရှိ ဝိဘဇ္ဇဝါဒီ (ပရဟိတ) ကျောင်းတိုက်သို့ သွားရောက်၍ လတ်တလောနေထိုင် စားသောက်မှုအခြေအနေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရမှ ထောက်ပံ့နေမှု၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် စေတနာရှင်များ၏ ထောက်ပံ့ကူညီပေးနေမှု၊ ကျောင်းသူ၊ ကျောင်းသားများ ပညာ ဆက်လက် သင်ကြားနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကိုတွေ့ဆုံမေးမြန်းခဲ့သည်။

သတင်း - အောင်ရဲသွင် 
ဓာတ်ပုံ - တင်ထွန်း (ပြန်/ဆက်)