ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေမြို့၌ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ငါးကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် ကျေးဇူးတင်စကားပြောကြားပြီး မောင်တောခရီးစဉ်တွင် တွေ့ဆုံခဲ့သည့် တစ်ဖက်နိုင်ငံမှ မိမိတို့သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသော နေရပ်စွန့်ခွာသူများ တင်ပြကြသည့် အခြေအနေအကြောင်းအရာများ၊ တိုက်ပွဲကြောင့် ထိခိုက်မှုလျော့ကျစေရေး အပါအဝင် တိုက်ပွဲရှောင်ပြည်သူများကိစ္စ၊ နယ်မြေတည်ငြိမ်မှုရှိစေ ရေး၊ တိုက်ပွဲရှောင်ပြည်သူများထံ UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပိုမိုဆောင်ရွက်ပေးနိုင်စေရေး၊ မကြာမီကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပြီး အထူး ကိုယ်စားလှယ်က ၎င်းအနေဖြင့် ယမန်နေ့က မောင်တော ခရီးစဉ်တွင် တွေ့ရှိခဲ့သည့် အစိုးရ၏ ဆောင်ရွက်ထားရှိမှု များနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အကြောင်းအရာ များကို မိမိတို့၏ဌာနချုပ်သို့ သတင်းစကားပေးပို့ခဲ့ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အထူးကိုယ်စားလှယ်တို့ ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူ တို့နှင့်အတူ အမြန်ရေယာဉ်ဖြင့် စစ်တွေမြို့မှ ပေါက်တောမြို့နယ် ဆင်တက်မော် IDP Camp သို့ သွားရောက်ပြီး Campအတွင်း နေထိုင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က Camp အတွင်း နေထိုင်ကြသူများအား ၎င်းတို့၏ လက်ရှိစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ထောက်ပံ့ဆောင်ရွက်ပေးမှု အခြေအနေများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားသည်။