ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဘူးသီးတောင်နှင့် မောင်တောဒေသရှိ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဘူးသီးတောင်နှင့် မောင်တောဒေသရှိ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံ

မောင်တော အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မောင်တောမြို့သို့ ရောက်ရှိကြသည်။

ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ဘူးသီးတောင် မြို့မစည်ပင်သာယာဈေးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့ကို လှည့်လည်ကြည့်ရှုကြသည်။ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ပြန်လည်ထွက်ခွာကြပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့ရသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ကိုင်းကြီးကျေးရွာရှိ မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။