ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၉

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်စုံစမ်း၍ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ခဲ့သည့် Interviews with Rohingyas fleeing from myanmar since 9 october 2016 ၂ဝ၁၆ အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ယင်းစွပ်စွဲချက်များကို စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အခြားကိစ္စများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များကို တရားဥပဒေစိုးမိုးရေးဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အားအလွန်အကျွံ သုံးခြင်းမပြုရန် ညွှန်ကြားထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထာက်အထားများ တွေ့ရှိပါက ဖောက်ဖျက်ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်လည်း အဆိုပါနယ်မြေရှင်းလင်းရေးနှင့် ပတ်သက်သည့် စွပ်စွဲမှု များအပါအဝင် စွပ်စွဲချက်အားလုံးကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်သွားမည်ဖြစ်သည်ဟု ပါရှိကြောင်း။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံငွေပံ့ပိုးလှုံ့ဆော်ပေး ထားသော အကြမ်းဖက်အင်အားစုများက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝ ဦး အသက်ဆုံးရှုံးခဲ့ရကာ လက်နက် ၆၅ လက်နှင့် ခဲယမ်းများ ယူဆောင်သွားသည့်ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည်သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူ လူထု အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာရှိခြင်း တို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားအလွန်အကျွံ သုံးစွဲခြင်းမရှိစေရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု များမရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာလုပ်ဆောင်ရေး တို့အား တာဝန်ရှိသူအဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း၊ အကယ်၍ ညွှန်ကြားချက်များအပေါ် ဖောက်ဖျက် ကျူးလွန်မှုများရှိပါက မည်သူကိုမဆို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်အနေဖြင့်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ အဖွဲ့ဝင်များ အဖြစ် စစ်ရေးချုပ်ရုံးမှ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး၊ အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယလက်ထောက်စစ်ဥပဒေချုပ် ဗိုလ်မှူးလှမျိုးကျော်နှင့် အတွင်းရေးမှူးအဖြစ် စစ်ဥပဒေချုပ်ရုံးမှ လက်ထောက်စစ်ဥပဒေချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် တို့ပါဝင်ကြောင်း သိရသည်။