မြောက်ဦးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စကားပုံဆက် ပြိုင်ပွဲကျင်းပ

မြောက်ဦး ဇွန် ၉

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စကားပုံ ဆက်ပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးခင်မောင်ထွန်း(ဓါတ်ပုံကျွမ်းကျင်-၂)က စကားပုံ ဆက်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လာသည့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများ၊ တရားမဝင် ရောင်းချခြင်းကြောင့် ထောင်ဒဏ်အပြင် သေဒဏ်အထိကျနိုင်သည့် ဥပဒေများရှိကြောင်းကို ဥပမာ သာဓက များဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘိန်းဖြူအစ ဆေးလိပ်က၊ မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့၊ ရှောင်လေဝေးဝေး မူးယစ်ဆေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြှိမ်းသတ်စို့၊ အစရှိသော ဆောင်ပုဒ်စကားပုံများဖြင့် ပြိုင်ပွဲဝင်ကလေးငယ်များကို အဖွဲ့လေးဖွဲ့ခွဲပြီး တစ်ဖွဲ့လျှင် ကလေးငယ်ငါးဦးစီဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

ထို့နောက် စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တစ်ဖွဲ့နှင့်တစ်ဖွဲ့မှ ကလေးငယ်တစ်ဦးချင်းစီက ဖော်ပြ ပေးထားသော စကားပုံအမည်များကို အပြန်အလှန် မေးခွန်းများမေးပြီး အမြန်ဆုံးနှင့် အမှန်ဆုံးဖြေဆိုနိုင် သော အဖွဲ့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကလေးငယ် ၂၅ ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်