မောင်တောမြို့နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးနှင့် ARSA အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၇

မောင်တောမြို့နယ်အတွင်း မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူ တစ်ဦးနှင့် ARSA အဖွဲ့ဝင် တစ်ဦးတို့အား ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ၏ အနောက်ဘက်တွင် မတ် ၂၉ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှာဟဲလ် နိုဟာအာလီ ကျေးရွာ ရန်ကာမာတီမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ ၎င်းသည် လိမ္မော်ချယ်ရီကျေးရွာသား ငါးဦးနှင့်အတူ လူစု၍ မတ် ၂၈ ရက် နံနက်ပိုင်းတွင် နွားများခိုးယူရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး လမ်းမှားလူစုကွဲ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ(၂)အတွင်း မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင်(၄၀) နယ်ခြားစောင့် ရဲကင်းစခန်းအနီး လျှိုအတွင်းမှ မသင်္ကာဖွယ်လူ တစ်ဦး တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ ၎င်းမှာ အိုစမန်ဂေါ်နီ(ခ)အိုစမာ၊ တောင်ဘဇာကျေးရွာအုပ်စု ယင်းမ ကျောင်းတောင်ကျေးရွာ ဘူးသီးတောင် မြို့နယ်နေသူဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် တောင်ဘဇာ နယ်မြေ ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သောကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)အမှုမှ တရားခံပြေး တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် တောင်ဘဇာနယ်မြေရဲစခန်းအား အခြားသူများနှင့်အတူ ဝိုင်းဝန်းတိုက်ခိုက် ပြီးနောက် တစ်ဖက်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ သွားရောက်နေထိုင် တိမ်းရှောင်ခဲ့ကြောင်း။

ယင်းနောက် အကြမ်းဖက်သင်တန်းတက်ရန် စည်းရုံးခံရမှုကြောင့် ARSA အဖွဲ့သို့ ဝင်ရောက်၍ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကြမ်းဖက်သင်တန်း နှစ်လခန့် တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းကို ကူတူပါလောင် ဒုက္ခသည် စခန်း၊ ဘာလူခါလီ ဒုက္ခသည်စခန်း၊ မူတူးဆရမ် ဒုက္ခသည်စခန်းတို့၏ အနီး ဝန်းကျင်တောအတွင်းနှင့် ယာယီတဲအိမ် အလွတ်များအတွင်း၌ ည ၁၀ နာရီမှ နံနက် ၁ နာရီအထိ ARSA အဖွဲ့မှ စည်းရုံးထားသော သင်တန်းသား ၅၀ ဦးစီဖြင့် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း တစ်လလျှင် တာကာငွေ ၅၀၀၀ ထောက်ပံ့ရရှိကြောင်း၊ ယခုအချိန်တွင် သင်တန်းတက်ရောက်ပြီး သူများသည် နယ်စပ်ဒေသရဲကင်းစခန်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များ၏ သွားလာလှုပ်ရှားမှုအား မပြတ် ထောက်လှမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း။

မောင်တောမြို့နယ် ဝက်ကျိန်း ကျေးရွာ တံတားအနီး၌ ဇန်နဝါရီ ၁၆ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသောယာဉ်အား ARSA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုတွင် မောင်တော မြို့နယ် သက္ကယ်ပြင်ရွာသား ဇူပိုင် (စိစစ်ဆဲ) ဦးဆောင်သည့် ၁၂ ဦးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လာသူများကို ARSA အဖွဲ့ခေါင်းဆောင်များက တစ်ဦးလျှင် တာကာငွေ ၅၀၀၀ စီ ဆုကြေးပေးကြောင်း၊ ၎င်းအနေဖြင့် မတ် ၂၉ ရက်နေ့ ညတွင် တစ်ဖွဲ့လျှင် ၅၀ ဦး ခန့် ပါဝင်သည့်အဖွဲ့ သုံးဖွဲ့ခွဲပြီး နယ်စပ်မှတ်တိုင် (၄၁) အနီးမှ နယ်စပ်ခြံစည်းရိုး အားဖျက်ဆီး၍ မြန်မာနိုင်ငံဘက် အခြမ်းသို့ ဝင်ရောက်ခဲ့ကာ ငါးရံ့ချောင်း ရဲကင်းစခန်းအပါအဝင် ရဲကင်းစခန်း သုံးခုအား တိုက်ခိုက်ရန် တောတွင်း၌ ခေတ္တအခြေပြုခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင် လမ်းကြောင်းနှင့် နယ်မြေအခြေအနေအား စုံစမ်းရန်ထွက်ခွာလာစဉ် လုံခြုံရေး အဖွဲ့များနှင့် တွေ့ရှိဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။

ARSA အဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအား အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်နယ်တစ်ခုအဖြစ် ထူထောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံသား ဖြစ်ခွင့်မရခြင်း ကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ ပြန်လည်လက်ခံရေး စခန်းများသို့ပြန်မသွားရန် ဒုက္ခသည် စခန်းများ၌ စည်းရုံးပြောဆိုလျက်ရှိကြောင်းနှင့် ၎င်းတို့ခေတ္တအခြေပြုသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး အသေးစိတ်ဖြန့်ခွဲရှင်းလင်းရာ ထိတွေ့ပစ်ခတ်မှု၊ ထူးခြားမှုတစ်စုံ တစ်ရာမရှိ ကြောင်းနှင့် ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်၍ ကွင်းဆက်ဆက်လက် စိစစ်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။