မြိုတိုင်းရင်းသားတို့၏ ကျေးရွာများ တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်၍ တိုင်းရင်းသားများစိတ်အေး

မောင်တော ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြိုတိုင်းရင်းသား မိသားစုများသည် အကြမ်းဖက်တိုက် ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ယခုအခါ အခြေတကျ နေထိုင်လုပ်ကိုင် စားသောက်ကြသူများ၊ အိမ်ရာသစ် တည်ဆောက်ခြင်းလုပ်ငန်းများ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူများဖြင့် တည်ငြိမ် အေးချမ်းမှုများ စတင်ရရှိလာသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ရွာက သစ်တုံးနားခွဆုံ ကျေးရွာပါ၊ အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်၊ မြိုတိုင်းရင်းသား ၁၆၉၆ ဦး ရှိပါတယ်၊ ခုဆိုရင် တောင်ပေါ်တောင်ကြားတွေမှာရှိတဲ့ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ ခရုချောင်း၊ အောက်အင်းချောင်းကျေးရွာတွေကို ကျွန်တော်တို့ရွာနဲ့ ပေါင်းပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က နေအိမ်သစ်များ ဆောက်လုပ်ပေးလျက် ရှိပါတယ်၊ဒီလို မြိုတိုင်းရင်းသားကျေးရွာတွေကို တစုတစည်းတည်း နေအိမ်တွေ တည်ဆောက် ပေးလိုက်တဲ့အတွက်ဒေသတွင်းစည်းလုံးညီညွတ်မှု ပိုမို အားကောင်းလာမှာဖြစ်ပါတယ်၊ ဒီအတွက် နိုင်ငံတော်အစိုးရကို အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဇုံက ပြောသည်။

“ခုလောလောဆယ်မှာတော့ မျောက်ခေါင်းတောင်နဲ့ ပန်းချောင်းက ပြောင်းလာတဲ့ အိမ်ထောင်စုတွေက ယာယီတဲအိမ်တွေ ဆောက်လုပ်နေထိုင်ကြပါတယ်၊ အခုတဲအိမ် ၄၅ လုံးလောက် ဆောက်လုပ်ထား ပါတယ်၊ ထပ်မံပြီးတော့လည်း တဲအိမ်လေးတွေ ဆောက်လုပ်နေကြပါတယ်၊ အဓိကကတော့ တောင်ယာ လုပ်ကိုင်စားကြပါတယ်” ဟု သစ်တုံးနားခွဆုံကျေးရွာမှ ကိုသန်းနိုင်က ပြောသည်။

“ကျွန်တော်က နန်းရာကိုင်း မြိုတိုင်းရင်းသားကျေးရွာကပါ၊ ကျွန်တော်တို့ ရွာကို နတလက အိမ်ခြေ အသစ် အလုံး ၅၀ တည်ဆောက်ပေးဖို့ စာကျထားပြီဖြစ်ပါတယ်၊ လမ်းဖောက်လုပ်ခြင်းနဲ့ တံတားသုံးစင်း တည်ဆောက်ပေးဖို့လည်း ပါဝင်ပါတယ်၊ သို့ပေမယ့် အခုအထိ လုပ်ငန်းမစသေးပါဘူး၊ မိုးမကျမီ ဆောင်ရွက်ပေးစေလိုပါတယ်” ဟု နန်းရာကိုင်းကျေးရွာမှ ဦးထွန်းပုံကပြောသည်။

 

အဆိုပါ သစ်တုံးနားခွဆုံကျေးရွာနှင့် မလှမ်းမကမ်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ခုံတိုင် မြိုတိုင်းရင်းသားကျေးရွာကိုလည်း တည်ဆောက်လျက်ရှိသည်။ မောင်တောမြို့နယ်မြောက်ပိုင်းတွင် မြိုတိုင်းရင်းသားကျေးရွာ ၁၆ ရွာရှိကြောင်း သိရသည်။ ယခုအခါ မြိုတိုင်းရင်းသားကျေးရွာများတွင် စပါးရိတ်၊စပါးလှေ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူများ၊ စာသင်ခန်းများ၌ ကလေးများအား စာသင်ကြားနေမှုမြင်ကွင်းများ၊ တဲအိမ်သစ်များ ဆောက်လုပ်နေမှု မြင်ကွင်းများ၊ ကျေးရွာသစ်စီမံကိန်း လုပ်ငန်းခွင်များဖြင့် တည်ငြိမ်အေးချမ်းမှုပုံရိပ်များကို တွေ့မြင်နေရပြီဖြစ်သည်။