မလေးရှားနိုင်ငံ အကြီးအကဲ၏ ပြောကြားချက်အပေါ် မြန်မာနိုင်ငံက ကန့်ကွက်

မလေးရှားနိုင်ငံ အကြီးအကဲ၏ ပြောကြားချက်အပေါ် မြန်မာနိုင်ငံက ကန့်ကွက်

 

နေပြည်တော် ဇူလိုင် ၃၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr.Zahairi Baharimအား ယနေမွန်းလွဲ၃နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ မကြာသေးမီက  သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နိုင်ငံသားပေးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ပေးသင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့မှုအပေါ် ကန့်ကွက်ပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန်က အထက်ပါပြောကြားချက်များသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ ဖြိုးတိုးတက်မှုနှင့် အသိုက်အဝန်းများအကြား သဟဇာတဖြစ်မှုအတွက် ရေရှည်တည်တံ့မည့်အဖြေရရှိရန် မြန်မာအစိုးရနှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို အထောက်အကူမပြုကြောင်း၊ ထို့ပြင် တစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရန်ဟူသော အာဆီယံ၏ မူဝါဒများကိုလည်း သွေဖယ်ရာရောက်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားနေသည်ဟူသော တစ်ဖက်သတ် စွပ်စွဲပြောကြားမှုများမှာ အပြုသဘောမဆောင်သည့်အပြင် အာဆီယံပဋိညာဉ်ပါ မူဝါဒများကိုလည်း ချိုးဖောက်ရာရောက်သည့်အတွက်  မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း ကန့်ကွက်ပြောကြားခဲ့သည်။