မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ ၁၄ ဦးနှင့် ပို့ဆောင်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ

မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ ၁၄ ဦးနှင့် ပို့ဆောင်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

စစ်တွေမြို့နယ် သဲချောင်းကျေးရွာအနောက်ဘက် သုံးမိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဖေဖော်ဝါရီ ၆ ရက်က လှည့်ကင်းဆောင်ရွက်နေသည့် စစ်ရေယာဉ်က မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာမည့်သူ ၁၄ ဦးနှင့် ပို့ဆောင်သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တွေ့ရှိခဲ့

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခွဲခန့်က စစ်တွေမြို့နယ် သဲချောင်းကျေးရွာ အနောက်ဘက်သုံးမိုင်ခန့်အကွာ ပင်လယ်ပြင်၌ စစ်ရေယာဉ်တစ်စင်း လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ ပဲ့နင်း ဝင်းဇော်နှင့် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာနေ စိုးတင့်(ခ)စိုးဝင်းတို့နှင့်အတူ စက်လှေပေါ်တွင် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာနေ ကာမာ (၁၅နှစ်)အပါအဝင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အမှုဖွင့်ဆောင်ရွက်လျက်ရှိ

စစ်ဆေးချက်အရ ၎င်းတို့ကိုတစ်ဦးလျှင် ငွေကျပ်ကျပ် သိန်း ၃၀ ရယူ၍ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ လှေပိုင်ရှင် ဦးငြိမ်းက ဖမ်းဆီးရမိစက်လှေကို စေလွှတ်ခေါ်ယူပြီး စစ်တွေမြို့ ခတင်ပိုက်ကျေးရွာနေ မောင်မောင်ခိုင် (၂၅ နှစ်)က ဆက်သွယ်စုဆောင်းပေးကာ ရေချမ်းပြင် ဆိပ်ကမ်းအနီး၌ တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရ၍ ဖမ်းဆီးရမိသည့် ပို့ဆောင်သူ ဝင်းဇော်ပါ နှစ်ဦးနှင့် တိမ်းရှောင်လျက်ရှိသည့် ဆက်သွယ်စုဆောင်းသူ ဦးငြိမ်းပါနှစ်ဦးတို့ကို စစ်တွေမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာမည့်သူ ၁၄ ဦးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

Tags