မသင်္ကာသူတစ်ဦးကို ဖမ်းမိစစ်ဆေးရာမှ မိုင်းဖောက်ခွဲသည့်ဖြစ်စဉ်တွင် ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံထွက်ဆို

နေပြည်တော် နိုဝင်ဘာ ၂၂

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နိုဝင်ဘာ ၁၂ ရက်က ငါးခူရစခန်းသို့ ပို့ဆောင်သော ယာဉ်သုံးစီးအား မောင်တောမြို့နယ် မောင်နှမ (တောင်) ရွာအဝင် ဘေလီတံတား၌ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခံရပြီး မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သော မာမွတ်ကာစီ(ဝဲပုံ)က ဖောက်ခွဲမှုဖြစ်စဉ်အား ၎င်းကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဝန်ခံထွက်ဆိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

နိုဝင်ဘာ ၁၂ ရက်က အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မော်တော်ယာဉ်သုံးစီးဖြင့် ငါးခူရစခန်းသို့ ပို့ဆောင်စဉ် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ် မောင်နှမ(တောင်)ရွာအဝင် ဘေလီ တံတားအမှတ် (၃၈)သို့အရောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်တစ်စီး၏ နောက်ပိုင်းပျက်စီးခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ် အောင်မင်္ဂလာ(ရခိုင်) ကျေးရွာအတွင်း မသင်္ကာဖွယ်ရာလူတစ်ဦး ရောက်ရှိလာသဖြင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ အဖ ဦးမာမွတ်ဒူဆောင်း၏သား မာမွတ်ကာစီအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သဖြင့် အရေးယူနိုင်ရေး စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုချက်များအရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီနှင့် လေးဦးတို့သည် မောင်နှမ (တောင်) ရွာအဝင် ဘေလီတံတား အမှတ် (၃၈) အနီးတွင် ကျင်းတူး၍ မိုင်းတစ်လုံး မြှုပ်နှံခဲ့ပြီး သံကြိုးဖြင့် ဆွဲ၍ လယ်ကွင်းပြင်၌ သံကြိုးအားထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ၎င်းနှင့် အခြားတစ်ဦးတို့သည် မိုင်းဖောက်ခွဲရန် လယ်ကွင်း၌ စောင့်ဆိုင်းနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားသုံးစီး ဖြတ်သန်းလာသဖြင့် သံကြိုးအားဆွဲ၍ မိုင်းဖောက်ခွဲခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကျေးရွာသို့ ပြန်လာခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။