နစ်မြုပ်ဆင်ပြောင်ရေယာဉ်မှ ကျန်ရှိဝန်ထမ်းများအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေ

နစ်မြုပ်ဆင်ပြောင်ရေယာဉ်မှ ကျန်ရှိဝန်ထမ်းများအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေ

ရန်ကုန် ဖေဖော်ဝါရီ ၁၈

မာန်အောင်မီးပြတိုက်အနီး နစ်မြုပ်ခဲ့သည့် ဆင်ပြောင်ရေယာဉ်မှ ကျန်ရှိဝန်ထမ်းများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဌာနမှူး(မီးပြတိုက်) ဦးအေးလွင်ထံမှ သိရသည်။

“ကျွန်တော်တို့ ရှာလည်းရှာဖွေနေပါတယ်။ ကမ်းနားတစ်လျှောက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့၊ တပ်မတော်(ရေ)အဖွဲ့တွေလည်း သတင်းထောက်လှမ်းပြီးတော့ ပိုက်စိပ်တိုက်ရှာနေပါတယ်။ ကျွန်တော်ကတော့ ရေငုပ်အဖွဲ့နဲ့ သင်္ဘောမြုပ်တဲ့နေရာမှာ ဘာကြောင့် မြုပ်ရတယ် ဆိုတာကို အဖြေရှာနေပါတယ်” ဟု ဦးအေးလွင်က ပြောကြားသည်။

ဆင်ပြောင်ရေယာဉ်သည် ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များ၊ ရေကြောင်းပြဗော်ယာများအား ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ကျွန်းပတ်ခရီးစဉ်အဖြစ် ရေယာဉ်ဝန်ထမ်း ၂၅ ဦး၊ မီးပြတိုက်ဝန်ထမ်း ကိုးဦးအပါအဝင် စုစုပေါင်း ၃၄ ဦး တင်ဆောင်ကာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၆ နာရီတွင် မီးပြကျွန်းသို့ ရောက်ရှိကြောင်း ရုံးချုပ်သို့ ဆက်သွယ်သတင်းပေးပို့ပြီး မီးပြဝန်ထမ်း ကိုးဦးက မာန်အောင်ကျွန်းမီးပြပေါ်တက်ရောက်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ယင်းနောက် ဆင်ပြောင်ရေယာဉ်သည် ရေယာဉ်ဝန်ထမ်း ၂၅ ဦးနှင့် မာန်အောင် ကျွန်း မီးပြမှ ဒေသခံ မီးပြဝန်ထမ်း (နေ့စား)တစ်ဦးအပါအဝင် ၂၆ ဦးသည် မာန်အောင်ကျွန်းမီးပြမှ တစ်မိုင်ခွဲအကွာ ပင်လယ်ပြင်တွင် ကျောက်ချအခြေပြုနေခဲ့ကြောင်း သိရသည်။

ရေယာဉ်ဝန်ထမ်းခုနစ်ဦး ကယ်ဆယ်ရရှိ

ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် မီးပြကျွန်းအခြေပြုအဖွဲ့သည် ကျောက်ချထားသည့် ဆင်ပြောင်ရေယာဉ်၏ မီးရောင်ပျောက်နေပြီး ခရာမှုတ်အချက်ပေးသံ ကြားရသဖြင့် အဆက်အသွယ်ပြုလုပ်ခဲ့ရာ ဆက်သွယ်မှုမရခဲ့ပေ။ မီးပြအဖွဲ့သည် ဒေသခံ လှေနှစ်စင်းဖြင့် သွားရောက်ခဲ့ရာ ဆင်ပြောင်ရေယာဉ်ကို မတွေ့ရှိတော့ဘဲ ပင်လယ်ပြင်တွင် မျောပါနေသည့် ရေယာဉ်ဝန်ထမ်း ခုနစ်ဦးကိုသာ ကယ်ဆယ်ရရှိခဲ့သည်။

ဆင်ပြောင်ရေယာဉ် နစ်မြုပ်မှုသတင်းအရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ပြင်ပရေငုပ်လုပ်ငန်း အဖွဲ့ဝင်များသည် ရန်ကုန်မှ တောင်ကုတ်သို့ မော်တော်ယာဉ်တန်းဖြင့် လည်းကောင်း၊ တောင်ကုတ်မှ အခင်းဖြစ်ပွားရာသို့ ရေယာဉ်များဖြင့်လည်းကောင်း သွားရောက်ခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ တပ်မတော်(ရေ)မှ ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးသည့်ရှာဖွေကယ်ဆယ်ရေး အဖွဲ့များသည် နေ့ချင်းပင် မာန်အောင်မီးပြတိုက်သို့ ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် နှစ်စင်း ရောက်ရှိလာပြီး ကျွန်းအပြင်တွင် ကျောက်ချကာ အသက်ကယ်လှေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခုအခါ ဆင်ပြောင်ရေယာဉ်မှ ကျန်ရှိဝန်ထမ်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မီးပြတိုက်ဝန်ထမ်းများ၊ ပြင်ပရေငုပ်အဖွဲ့များ၊ တပ်မတော်(ရေ)မှ ရေငုပ်အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်၊ကြက်ခြေနီနှင့် ဒေသခံပြည်သူများ၊လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေကယ်ဆယ်လျက် ရှိကြောင်း သိရသည်။

ကယ်ဆယ် ရရှိထားသူများအား မေးမြန်းမှုအရ ရေယာဉ်အတွင်းသို့ ရေများအလုံးအရင်းဖြင့် ဝင်လာသည့်အတွက် ရေစုပ်ထုတ်ရန် ကြိုးစားနေစဉ်နာရီဝက်ခန့်အချိန်အတွင်း ဝဲဘက်သို့စောင်းပြီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ရှာဖွေရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်

လက်ရှိအချိန်တွင် ကယ်ဆယ်ရရှိထားသူ ခုနစ်ဦးနှင့် အလောင်း ၁၂လောင်းအပါအဝင် ၁၉ ဦး ပြန်လည်ရရှိထားသည့်အတွက် ခုနစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ အချက်အလက်များဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း၊ ဆင်ပြောင်ရေယာဉ်သည် ၁၉၅၉ ခုနှစ်တွင် ဟောင်ကောင် ပစိဖိတ်အိုင်လန်တွင် တည်ဆောက်ခဲ့ပြီး အလျား ၁၉၄ ပေ၊ အနံ ၃၉ ပေ၊ ရေစူး ၁၁ ပေရှိကာ တစ်နာရီလျှင် ရေမိုင် ခုနစ်မိုင် ခုတ်မောင်းနိုင်ကာ တန်ချိန် ၇၄၂ ဒသမ ၂၀၁၈ တန်ရှိကြောင်း သိရသည်။

Tags