နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် (၂၄)နာရီ မီးရရှိရေးအတွက် ဆောင်ရွက်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ်၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် ပြောကြားသည့် အဖွင့်အမှာစကား

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

ယနေ့ကျင်းပပြုလုပ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ POSCO Daewoo Corporation မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များ၊ ဒေသခံပြည်သူများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့ မာန်အောင်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခြင်းဟာ ရခိုင်ပြည်နယ်အတွက် အလွန်အရေးပါပြီး အလွန်မင်္ဂလာရှိတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ မိမိတို့နိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ ပါဝင်ပြီး မိမိတို့အစိုးရ စတင်တာဝန်ထမ်းဆောင်ချိန်မှစပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်မီးလင်းရေးဆိုတာ နေဝင်သွားတဲ့အချိန်မှာ မီးလင်းရုံ သက်သက်အတွက်သာမဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကို မိမိတို့ပြည်သူများ ရဲ့ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးလာအောင် သုံးစွဲနိုင်ရေးပဲဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ၂၄ နာရီ အပြည့်အဝရရှိသုံးစွဲနိုင်တာနဲ့အမျှ လူနေမှုအဆင့်မြင့်တက် လာသလို လျှပ်စစ်ဓာတ်အားသုံးစွဲရတဲ့ စက်မှုလုပ်ငန်းတွေပါ ဆောင်ရွက်လာနိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကိုပါ တိုးတက်စေနိုင် ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုတစ်ခုလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံများမှာဆိုရင် လျှပ်စစ်ဓာတ်အားကို ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်းကျော်၊ ၁၀၀ ရာခိုင်နှုန်းပြည့်အထိ ရောက်အောင်ပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အခုနှစ် ၂၀၁၉ ခုနှစ်အကုန် အထိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းသာ ပေးနိုင်သေးတာ ကို တွေ့ရမှာပါ။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံအတွက် လျှပ်စစ်ဓာတ်အားပိုမိုရရှိဖို့ အများကြီးကြိုးစားဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက် ရေးနဲ့၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို ကျွန်မတို့ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း အစိုးရသစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ကြေညာခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ဖြစ်တဲ့ Sustainable Development Goals (SDGs) နဲ့ လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲထားတဲ့ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ကို ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ မဏ္ဍိုင်(၃)ရပ်နဲ့ ပန်းတိုင်(၅) ခုပါဝင်တဲ့ MSDP ရဲ့ပန်းတိုင်အများစု အောင်မြင်ရေးဟာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအပေါ် များစွာ မူတည်နေပါတယ်။

နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ၃ နှစ်ခွဲကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၃)ရုံ၊ အပူစွမ်း အင်သုံးဓာတ်အားပေးစက်ရုံ (၆)ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အား ပေးစက်ရုံ(၁)ရုံ စုစုပေါင်း(၁၀)ရုံ (၉၀၄ မဂ္ဂါဝပ်)၊ ဓာတ်အားလိုင်းမိုင် စုစုပေါင်း ၁၉၆၁၁ မိုင်၊ ဓာတ်အားခွဲရုံ စုစုပေါင်း ၁၂၆၃၅ အမ်ဗွီအေတို့ကိုလည်း တိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခင်လျှပ်စစ်ဓာတ်အားစနစ် မရောက်ရှိသေးတဲ့ ဒေသများကို လျှပ်စစ်ဓာတ်အားစနစ် ရောက်ရှိအောင်ဆောင်ရွက်ပေးခဲ့ရာမှာ ကရင်ပြည်နယ်မှာ မြဝတီမြို့နဲ့ ရခိုင်ပြည်နယ်မှာ မောင်တောမြို့တွေအထိ ဓာတ်အားစနစ်ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် မတ်လတုန်းက တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ (၃၄ ရာခိုင်နှုန်း)အတွက်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာ ကျွန်မတို့အစိုးရ တာဝန်ယူပြီး သုံးနှစ်ခွဲအကြာ ဒီနှစ် ဒီဇင်ဘာလမှာ တစ်နိုင်ငံလုံး လျှပ်စစ် သုံးစွဲသူ (၅၀ ရာခိုင်နှုန်း)အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၅- ၂၀၂၆ မှာဆိုရင် တစ်နိုင်ငံလုံး ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ မှာ ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့်သုံးစွဲနိုင်အောင် မျှော်မှန်းပြီး စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မဟာဓာတ်အားလိုင်းနဲ့ နီးစပ်တဲ့ဒေသတွေမှာ မဟာ ဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဓာတ်အားစနစ်နဲ့ အလှမ်းဝေးကွာတဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်များ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်များ၊ ဒီဇယ်ဆီသုံး လျှပ်စစ်ဓာတ်အားပေးစက်များနဲ့ ဓာတ်အားပေးနိုင် ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိရာမှာ အခုမာန်အောင်က နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ စက်ရုံတည်ဆောက်ဖို့ မြေနေရာအကျယ်အဝန်း များစွာ လိုအပ်ခြင်း၊ ရာသီဥတု အပေါ် မှီခိုရပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခ စျေးနှုန်းကြီးမြင့်ပါတယ်။ စွမ်းအင်ကို သိုလှောင်ထိန်းသိမ်းမှု (Battery Storage) အတွက် ကုန်ကျစရိတ် ကြီးမြင့်ခြင်းစတဲ့ အားနည်းချက်တွေရှိပါတယ်။ ဒါပေမယ့် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ လိုအပ်တဲ့ နေ‌ရောင်ခြည်စွမ်းအင်ဟာ စဉ်ဆက်မပြတ် ရရှိနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်း ပြုပြင်မှုစရိတ် သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလျှော့ချ ပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုရရှိစေနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်း စေသောပစ္စည်းများ စွန့်ထုတ်မှုအလွန်နည်းပါးခြင်း စတဲ့ အားသာချက် များစွာရှိပါတယ်။ ဒီနှစ် ဇွန်လအတွင်းကလည်း မကွေးတိုင်းဒေသကြီး မင်းဘူးမှာ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်ရှိ သဘာဝ အရင်းအမြစ်များကို သုံးစွဲပြီး ကျောက်ဖြူဒေသမှာ သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၃၅ မဂ္ဂါဝပ်) ကို ထပ်မံတည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၃၀ ကေဗွီ ကျောက်ဖြူဓာတ်အားခွဲရုံ အနီးမှာ LNG လောင်စာကို အသုံးပြုပြီး ၁၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ ကျွန်မတို့မြန်မာနိုင်ငံမှာ နှစ်စဉ်လျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲမှုဟာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိရှိတဲ့ အတွက် အဲဒီနှစ်စဉ် ဓာတ်အားတိုးတက်လိုအပ်ချက်တွေ ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရေးအတွက်ကိုလည်း မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲဆောင်ရွက် အကောင်အထည်ဖော်လျက် ရှိပါတယ်။ မဟာဗျူဟာမြောက် အစီအစဉ်ရေးဆွဲရာမှာ အနာဂတ် ဓာတ်အားလိုအပ်မှုအခြေအနေ၊ အရင်းအမြစ်မျိုးစုံပါဝင်တဲ့ ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို တစ်နိုင်ငံလုံးရောက်အောင် ပို့ဆောင်ရာမှာ တောင့်တင်း တဲ့ ဓာတ်အားကွန်ရက်နဲ့ သယ်ဆောင်နိုင်ဖို့ ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းများနဲ့ ၅၀၀ ကေဗွီ ပြည်ထောင်စု မဟာဓာတ်အားလိုင်းများ တည်ဆောက် ခြင်းများကိုလည်း ထည့်သွင်းရေးဆွဲဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား ရရှိပြီးသူများအတွက်ကိုလည်း ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်းမရှိဘဲ တည်ငြိမ်စွာနဲ့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်စေဖို့ Distribution Line များကိုလည်း အဆင့်မြှင့်တင်လျက်ရှိပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ် ရေးနဲ့ လျှပ်စစ်ဓာတ်အားပိုင်းလို အခြေခံအဆောက်အဦပိုင်းမှာ တိုးတက်မှု တွေ ရှိလာပေမယ့် ဒီလိုတိုးတက်မှုတွေကို ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ ငြိမ်းချမ်းရေးဟာ အလွန်အရေးကြီးပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းမှ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာပါ။ တည်ငြိမ်အေးချမ်းမှုမရှိရင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်နိုင်ဖို့ မလွယ်ကူသလို ရင်းနှီးမြှုပ်နှံမှုတွေလည်း ကြီးကြီးမားမား ရှိလာမှာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ မြှုပ်နှံတဲ့ ကုမ္ပဏီအနေနဲ့ သူတို့အတွက် အကျိုးအမြတ်ရှိမှ လာမှာပါ။ နယ်မြေမတည်ငြိမ်ဘူးဆိုရင် မလာချင်ကြပါဘူး။ ဒါကြောင့်မို့ နယ်မြေတည်ငြိမ်ရေးဟာ ရင်းနှီးမြှုပ်နှံဖို့ အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာ ကျွန်မတို့အားလုံး သဘောပေါက်ဖို့ လိုပါတယ်။

ခေတ်အဆက်ဆက်မူဝါဒအမှားတွေ၊ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရတဲ့ အထဲမှာ ဘူးလေးရာဖရုံဆင့်ဆိုသလို လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေမယ်၊ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုလို့ရှိရင် ဒေသခံလူထုမှာ ဖွံ့ဖြိုးတိုးတက်ရေးအသာထားလို့ အသက်ရှင် ရပ်တည်ရေးအတွက်တောင် မနည်းရုန်းကန်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် ဒေသခံတွေအတွက် ဦးစားပေးစဉ်းစားပေးပါလို့ ကျွန်မ အမြဲပဲပြောလေ့ရှိတယ်။ မိမိတို့လုပ်ရပ်ဟာ ဒေသခံတွေအတွက် အခြေအနေပိုကောင်းသွားစေသလား၊ ပိုဆိုးသွားစေသလား အလွယ်တကူ သိနိုင်ပါတယ်။ အရင်တုန်းက အချိန်မရွေး၊ နေရာမရွေး အေးအေးချမ်းချမ်း အသက် မွေးဝမ်းကျောင်းနိုင်တဲ့ နေရာတွေမှာ ကျီးလန့်စာစားနဲ့ ဖြစ်နေကြပြီလား၊ မိမိတို့လုပ်ရပ်ကြောင့် ကိုယ့်မိဘ၊ ကိုယ့်ရဲ့ဆွေမျိုး၊ ညီအစ်ကိုမောင်နှမတွေ ဒုက္ခပင်လယ်ဝေနေကြပြီလား သေသေချာချာ စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။

အထူးသဖြင့် ပြည်သူကိုကိုယ်စားပြုတဲ့ လွှတ်တော်တွေ ရှိလာပြီ၊ ပြည်သူ့ဆန္ဒကို အလေးထားတဲ့ ပြည်သူ့အစိုးရရှိလာပြီ၊ တိုင်းရင်းသားမိဘပြည်သူအားလုံးရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိလာနေပါပြီ။ ဒီလိုအချိန်မှာ မိမိတို့ရဲ့ လိုလားချက်တွေကို လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့ တောင်းဆိုဖို့ လိုပါရဲ့လား၊ အကြမ်းနည်းကြောင့် မိမိတို့ဆွေမျိုးသားချင်းတွေ ထိခိုက်ခံစားနေရတာ တကယ်ပဲ လိုအပ် လို့လား၊ မိမိတို့ လိုလားချက်တွေကို နိုင်ငံရေးနည်းနဲ့၊ စေ့စပ်ဆွေးနွေးအဖြေ ရှာမယ်ဆိုရင် အားလုံးထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်ဘူးလားဆိုတာတွေကို သေသေချာချာ စဉ်းစားသုံးသပ်ကြ စေချင်ပါတယ်။ လက်နက်ကိုင် တဲ့နည်းဆိုတာ သတ္တိရှိတဲ့နည်း မဟုတ်ပါဘူး။ လက်နက်မကိုင်ဘဲနဲ့ ကိုယ်လို ချင်တဲ့ပန်းတိုင်ကိုရောက်အောင်လို့ ဇွဲ၊ ဝီရိယနဲ့ သွားနိုင်တာဟာ ဒါမှ တကယ့်သတ္တိဖြစ်ပါတယ်။ လက်နက်ကိုင်မှ သတ္တိရှိတယ်ဆိုတာ လက်နက်မရှိတော့ရင် ကိုယ်ဟာ ဘာမှမဟုတ်တော့ဘူးဆိုတာကို အဲဒါတွေကိုလည်း နှလုံးသွင်းဖို့ လိုပါတယ်။

ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေစပြီးတော့ တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း ငြိမ်းချမ်းတယ်ဆိုတာ မရှိခဲ့ပါဘူး။ တစ်ချိန်လုံး တစ်နေရာမဟုတ် တစ်နေရာမှာ ပြည်တွင်းပဋိပက္ခမီးတွေက တောက်လောင် နေတာကို တွေ့ရပါတယ်။ ကျွန်မတို့နိုင်ငံမှာ တောက်လောင်နေတဲ့ အပူမီး တွေကို ငြိမ်းချမ်းသွားရေးဟာလည်း လျှပ်စစ်အင်အားထက်တောင် ပိုပြီး အရေးကြီးတယ်ဆိုတာကို ကျွန်မတို့ သဘောပေါက်နားလည်ဖို့ လိုပါတယ်။ လျှပ်စစ်အင်အားက လျှပ်စစ်အင်အားပဲ၊ ငြိမ်းချမ်းရေးအင်အားကို ဘာနဲ့မှ မယှဉ်နိုင်ဘူး။ ကျွန်မတို့ သေသေချာချာစဉ်းစားဖို့ အရေးကြီးပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေးတစ်ခုတည်းကို ဦးတည်ဆောင်ရွက်လို့မရပါဘူး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးတည်ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ ငြိမ်းချမ်းရေးကို ခိုင်မာအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ MSDP မှာ ဖော်ပြထားတဲ့အတိုင်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံး အတွက် ဖွံ့ဖြိုးမှုအတူတွဲဆက်ထားမှသာ အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုရရှိနိုင်မှာ ဖြစ်တာကို ကျွန်မတို့ အသိအမှတ်ပြုထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတို့ကို တစ်ပြိုင်နက် ရရှိရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးမှတစ်ခု မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ နှစ်ခုစလုံးကို အောင်မြင်အောင် လုပ်ရမှာပါ။ ဒါကြောင့် ကျွန်မတို့အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ ကျေနပ်မှုမရှိဘူး၊ ကျေနပ်မှုမရှိတော့ ဒေါသတွေက ပွားတယ်၊ ဒေါသတွေပွားတော့ လက်နက်ကိုင်တိုက်ခိုက်ရေးကို တွန်းပို့တယ်။ မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုတဲ့ အဆိုးကျော့သံသရာက ဖောက်ထွက်နိုင်ဖို့ ကျွန်မတို့ကြိုးစားနေရတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်တိုးတက် မြင့်မားရေးဟာ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှုနဲ့ တိုက်ရိုက် ဆက်စပ်လျက်ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းကူညီပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျွန်မတို့နိုင်ငံက ပြည်ထောင်စုပါ။ ကျွန်မ ဒါကို ထပ်တလဲလဲ ပြောပါတယ်။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုပါ။ ဒီလိုတိုင်းရင်းသားမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ကိုးကွယ်တဲ့ ဘာသာမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဆိုတာဟာ တကယ်တော့ ကျွန်မတို့သာ ညီညွတ်မှုရရှိမယ်ဆိုရင် အင်မတန် မှ အင်အားတောင့်မယ့် ပြည်ထောင်စုပါ။ ဘာဖြစ်လို့လဲဆိုတော့ အရည်အချင်း အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ မြင်ပုံမြင်နည်းအမျိုးမျိုး ရှိတယ်။ လူ ၃ ယောက်၊ ၄ ယောက်ကနေဝိုင်းပြီး ပြဿနာတစ်ခုကို ဖြေရှင်းလိုက်လို့ရှိရင် တစ်ယောက်တည်း ဖြေရှင်းတာထက်ပိုပြီး ထိရောက်သလိုပါပဲ။ ကျွန်မတို့ရဲ့ မတူကွဲပြား မှုတွေက ကျွန်မတို့ရဲ့ အင်အားပါ။ ဒါပေမယ့် အင်အားကို ကောင်းကောင်း သုံးတတ်မှ ကျွန်မတို့အတွက် အကျိုးရှိမှာပါ။ ဒီအင်အားတွေကို ကျွန်မတို့ ပြုန်းတီးအောင်လို့ ကိုယ့်ရဲ့အတ္တတွေ၊ ကိုယ့်ရဲ့ဒေါသတွေ၊ ကိုယ်ရဲ့လောဘတွေကို လိုက်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ပြည်ထောင်စုကို ထိခိုက်ပါလိမ့်မယ်။ ပြည်ထောင်စုကို ထိခိုက်လို့ရှိရင် တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ထိခိုက်မယ်ဆိုတာ ကျွန်မ သဘောပေါက်စေချင်ပါတယ်။

တချို့က နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူး၊ နိုင်ငံရေးဆိုတာ အစိုးရနဲ့ပဲဆိုင်တာ လို့ ထင်ပါတယ်။ နိုင်ငံရေးဆိုတာ အစိုးရနဲ့ပဲဆိုင်တာဆိုရင် ဒါဒီမိုကရေစီစိတ်ဓာတ် မဟုတ်တော့ဘူး။ နိုင်ငံရေးဆိုတာ အစိုးရနဲ့ပဲ ဆိုင်တယ်ဆိုရင် ဒီမိုကရေစီ လိုချင်စရာအကြောင်းလည်း မရှိဘူး။ အစိုးရလက်ထဲအားလုံးကို ပုံအပ်ထား လိုက်မယ်။ ဒီလိုမလုပ်ချင်လို့ ကျွန်မတို့ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်ခဲ့တယ်။ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်တယ်ဆိုရင် ဒီမိုကရေစီတာဝန်တွေကျေဖို့ အများကြီး လိုပါတယ်။ ဒီမိုကရေစီတာဝန်တွေရဲ့ထိပ်မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးအဖြေရအောင် လုပ်ဖို့ဆိုတာ ပါပါတယ်။ အဲဒါအရေးကြီးဆုံးပါပဲ။

ငြိမ်းချမ်းရေးနည်းနဲ့ ရွေးကောက်ပွဲ နည်းကနေတစ်ဆင့် ကိုယ်လိုချင်တဲ့ အဖြေကိုရအောင် မလုပ်နိုင်ဘူးဆိုရင် ဒါဟာ ကိုယ့်အရည်အချင်း မပြည့်ဝလို့ပါ။ ဒါကြောင့် ကိုယ့်အရည်အချင်းပြည့်ဝအောင် ဖြည့်ဆည်းကြပါ။ ကျွန်မတို့နိုင်ငံရဲ့ အကျိုးအတွက် ဖွံ့ဖြိုးတိုးတက်မှုရော၊ ငြိမ်းချမ်းရေးရော ပီပီပြင်ပြင် ခိုင်ခိုင်မာမာရရှိအောင်လို့ အားလုံးဝိုင်းပြီးတော့ အားထည့်ပေး ကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။